ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေးက ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာဆီ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ရှိနေသူပါ။

Photo Credit: Standard

ဘိုင်ယန်မြူးနစ်က ဆာဒီယို မာနေးကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် မာနေးဟာ သူတို့အသင်းရဲ့ ကစားပုံနဲ့ လိုက်ဖက်အောင် မကစားနိုင်သလို အသင်းဖော် ဆာနေးကိုပါ ထိုးကြိတ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက မာနေးကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ စီစဉ်ထားပါတယ်။

ကနဦးမှာ မာနေးက ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေသလို ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်က သူ့ကို လူကိုယ်တိုင် တွေ့ကာ အသင်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာ မပါတော့ကြောင်း ပြောလာခဲ့တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ဆာဒီယို မာနေးက ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒို ရှိနေတဲ့ အယ် နက်ဆာဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေက အဆင်ပြေနေတာကြောင့် မာနေးဟာ မကြာခင်မှာပဲ အယ် နက်ဆာဆီ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ မာနေးအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေပြီး အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေက မာနေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူပြီးမှသာ ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။