မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ဟာ အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုများရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လေ့ကျင့်ရေးမှာ အားမကုန်ဘဲ လေ့ကျင့်နေသူများကို ဖော်ထုတ်ဖို့နဲ့ ဒဏ်ရာပြဿနာများကို ကာကွယ်ဖို့အတွက် နည်းပညာမြင့် အစီအစဉ်သစ်တစ်ခုကို ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

Daily Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ အာမိုရင်ဟာ ပြီးခဲ့တဲ့ရာသီလို ဆိုးရွားတဲ့ရလဒ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် ဒီရာသီမှာ အသင်းရဲ့ စံနှုန်းတွေကို မြှင့်တင်နေတာဖြစ်ပါတယ်။ သူဟာ လေ့ကျင့်ခန်းကို ကြိုးကြိုးစားစားမလုပ်တဲ့ ကစားသမားတွေကို လူသိရှင်ကြား ဖော်ထုတ်သွားမယ်လို့ အစောပိုင်းကတည်းက ကတိပေးထားပြီးဖြစ်ပြီး အခုအခါမှာတော့ သူ့ရဲ့ သုံးသပ်ချက်တွေကို ထောက်ပံ့ပေးနိုင်မယ့် အဆင့်မြင့်နည်းပညာကို ကလပ်အသင်းက ထောက်ပံ့ပေးလိုက်ပြီ ဖြစ်ပါတယ်။

Photo Credit : The Telegraph

အဆိုပါ နည်းပညာဟာ “real-time kinematics” လို့ခေါ်ပြီး ကစားသမားတွေ ဝတ်ဆင်ရတဲ့ STATSports’ Apex 2.0 GPS tracker ဝတ်စုံတွေကနေတစ်ဆင့် အချက်အလက်တွေကို စုဆောင်းတာဖြစ်ပါတယ်။ ဒီနည်းပညာက မိနစ်(၉၀)ကစားချိန်အတွင်းမှာ ရာနှုန်းပြည့် တိကျမှန်ကန်တဲ့ ဒေတာအချက်အလက်ပေါင်း ငါးသန်းအထိကို တိုက်ရိုက်ရယူနိုင်မှာ ဖြစ်ပါတယ်။

ကစားသမားတွေရဲ့ လှုပ်ရှားမှု၊ ပြေးလွှားမှု၊ အားစိုက်ထုတ်မှု အချက်အလက်အားလုံးကို ကာရင်တန်လေ့ကျင့်ရေးကွင်းတစ်လျှောက် တပ်ဆင်ထားတဲ့ ဘီကွန် (beacons) တွေကနေတစ်ဆင့် နည်းပြအဖွဲ့က iPad တွေပေါ်မှာ တိုက်ရိုက်စောင့်ကြည့်နိုင်မှာပါ။

Photo Credit : Manchester United

ဒီနည်းပညာရဲ့ အဓိက ရည်ရွယ်ချက် နှစ်ခုက (၁) ဒီ GPS ဝတ်စုံတွေကြောင့် လေ့ကျင့်ရေး ဒါမှမဟုတ် ပွဲကစားချိန်အတွင်းမှာ ဘယ်ကစားသမားက အားကုန်သုံးပြီး ကြိုးစားနေတယ်၊ ဘယ်သူကတော့ အပြည့်အဝ အားမစိုက်ဘူးဆိုတာကို အာမိုရင်အနေနဲ့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တော့မှာ ဖြစ်ပါတယ်။ (၂) ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ယူနိုက်တက်ဟာ ဒဏ်ရာရ ကစားသမားအများဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနည်းပညာသစ်က ကစားသမားတစ်ဦးရဲ့ ခန္ဓာကိုယ်ဟာ ဒဏ်ရာရနိုင်ခြေ မြင့်မားနေတဲ့ အခြေအနေ (red zone) ကို ရောက်နေချိန်မှာ နည်းပြအဖွဲ့ကို ကြိုတင်သတိပေးမှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြအဖွဲ့က အဲ့ဒီကစားသမားရဲ့ လေ့ကျင့်မှုပမာဏကို ချက်ချင်းသိရှိနိုင်ပြီး ဒဏ်ရာမရခင်မှာ ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနည်းပညာမြင့် စနစ်သစ်ကို အသုံးပြုပြီး ရာသီသစ်အတွက် အရှိန်မြှင့်ပြင်ဆင်သွားမှာဖြစ်ပါတယ်။ သူတို့ဟာ လာမယ့် စနေနေ့မှာ ဖီအိုရင်တီးနားအသင်းနဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲ ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။