မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းရဲ့ သြစတြီးယား ဝါရင့် တိုက်စစ်ကစားသမားကြီး မာကိုအနော်တိုဗစ်ကို ခေါ်ယူသွားဖို့အတွက် ကနဦး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ဒီကမ်းလှမ်းမှုကို ဘိုလော့ဂ်နာဘက်က ပယ်ချခဲ့ပေမယ့် မန်ယူနိုက်တက်ဘက်ကတော့ လက်မလျှော့သေးပဲ ကမ်းလှမ်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ ဒီမာဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဝက်စ်ဟမ်း စတုတ်စီးတီးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ သြစတြီးယား တိုက်စစ်ကစားသမား အနော်တိုဗစ်ကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့ပါတယ်။ မန်ယူနိုက်တက်က အနော်တိုဗစ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ယူရို(၈.၅)သန်းနဲ့ ကမ်းလှမ်းမှုပါ ပြုလုပ်ခဲ့ပေမယ့် ဘိုလော့ဂ်နာအသင်းကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့သလို သူတို့ ကစားသမားအတွက်ကိုလည်း ယူရို(၁၅)သန်းလောက်အထိ အလိုရှိနေပါတယ်။

Image

Photo Credit : Twitter

လက်ရှိ မန်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က နယ်သာလန်မှာ ရှိခဲ့စဉ်အတွင်း အနော်တိုဗစ်ရဲ့ ခြေစွမ်းတွေနဲ့ စတင် ရင်းနှီးနေခဲ့ရတာ ဖြစ်သလို အနော်တိုဗစ်ကိုယ်တိုင်ကလည်း သူရဲ့ စီနီယာ ကစားသမားဘဝကို နယ်သာလန်ကလက် အက်စ်စီတွမ်တီးအသင်းမှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်မှာ အငြင်းပွားဖွယ်ရာ ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်တဲ့ အနော်တိုဗစ်ဟာ ရုပ်ပိုင်းဆိုင်ရာ အားကောင်းသူ ဖြစ်သလို နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသက်(၃၃)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်သလို ပြီးခဲ့တဲ့ ယူရို-၂၀၂၀ပြိုင်ပွဲမှာလည်း ပြိုင်ဘက် မက်ဆီဒိုးနှီးယား ကစားသမားကို လူမျိုးရေးခွဲခြားတဲ့ စကားတွေနဲ့ လှောင်ပြောင်ခဲ့တဲ့ အနော်တိုဗစ်လို ကစားသမားကို မန်ယူနိုက်တက်ပရိသတ်တွေက အလိုမရှိပဲ ဖြစ်နေကြပါတယ်။ လက်ရှိမှာတော့ မန်ယူနိုက်တက်ဟာ နောက်ထပ် စီးရီးအေ ကစားသမားတစ်ဦးဖြစ်တဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူ အက်ဒရီယန်ရာဘီယူကိုပါ ခေါ်ယူသွားဖို့ ကြိုးပမ်းနေရာ ပြောင်းရွှေ့ကြေးအပိုင်းမှာ ဂျုဗင်တပ်စ်အသင်းနဲ့ သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီး ကစားသမားဘက်က သဘောတူညီသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ အခုလို ရာဘီယူ အနော်တိုဗစ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း သရဲနီ ပရိသတ်အများအပြားက စိတ်ပျက်လက်ပျက် ဖြစ်နေရပါတယ်။