မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ငွေကြေးပိုင်းဆိုင်ရာ သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတို့ရဲ့ ကစားသမားဟောင်း မေဆင် ဂရင်းဝုဒ်ကို ဆော်ဒီ ပရိုလိဂ်ကလပ်တစ်ခုကနေ ငွေကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းလိုက်တာကြောင့် ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီမှာ မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အကယ်ဒမီထွက် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ကို ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ အပြီးသတ်ရောင်းချခဲ့စဉ်က စာချုပ်ထဲမှာ နောက်တစ်ကြိမ် ပြန်လည်ရောင်းချပါက ရောင်းရငွေရဲ့ ၅၀% ကို ယူနိုက်တက်က ခံစားခွင့်ရှိသည်ဆိုတဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
Photo Credit : TEAMtalk
အသက်(၂၃)နှစ်အရွယ် ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းနဲ့ ပထမဆုံးရာသီမှာပဲ ပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ (၂၁)ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးဆုကို ဒမ်ဘီလီနဲ့အတူ ပူးတွဲ ဆွတ်ခူးပြနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းပြမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့လို အသင်းကြီးတွေက ဂရင်းဝုဒ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပေမယ့် စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ် အယ်လ်အာလီအသင်းက ကြားဝင်လာပြီး ယူရို သန်း(၇၀)နဲ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မာဆေးလ်အသင်းဟာ ရရှိထားတဲ့ ကမ်းလှမ်းမှုအားလုံးကို သုံးသပ်နေပြီး လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အယ်လ်အာလီရဲ့ ကမ်းလှမ်းမှုကို လက်ခံမလား ပယ်ချသွားမလားဆိုတာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
Photo Credit : The Mirror
တကယ်လို့ ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို သန်း(၇၀) ရဲ့ ထက်ဝက်ဖြစ်တဲ့ ယူရို(၃၅)သန်းကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မာဆေးလ်အသင်းဟာ ၂၀၂၉ အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဂရင်းဝုဒ်အတွက် ဖြစ်နိုင်သမျှ အမြင့်ဆုံးပြောင်းရွှေ့ကြေးကို တောင်းဆိုသွားဖွယ် ရှိနေပါတယ်။
ဂရင်းဝုဒ်သာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် ၂၀၂၆ ခုနှစ်မှာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ တွဲဖက်ကစားခွင့် ရရှိသွားနိုင်ပါတယ်။ လက်ရှိမှာ အင်တာ မိုင်ယာမီအသင်းမှာ ကစားနေတဲ့ ဘာလွန်းဒေါ (၈)ကြိမ်ရှင် မက်ဆီဟာ အမေရိကန်မှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အယ်လ်အာလီအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်ပါတယ်။