စနေနေ့က အိုးထရက်ဖို့ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အတွင်း အရှုံးရလဒ်ကနေ comeback နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဒ်အသင်းဟာ အဆင့်(၂)နေရာက မန်စီးတီးနဲ့ အမှတ်ကပ်လာခဲ့ပြီး ဇယားထိပ်က အာဆင်နယ်အသင်းကိုပါ ဖိအားပေးလာနိုင်တော့မယ့် အခြေအနေမှာ ရှိနေတဲ့အတွက် အမှတ်ပေးချန်ပီယံဆုအတွက် ဘာမဆို ဖြစ်လာနိုင်သေးတယ်လို့ ယူနိုက်တက်ဒ် နောက်ခံလူ ရာဖယ်လ်ဗာရန်းက ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။

Keys to Man United's Premier League resurgence

Photo Credit : ESPN

နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဒ်အသင်းဟာ ရာသီအစပိုင်းပွဲတွေမှာ ခြေချော်မှုတချို့ ရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာခဲ့သလို အခုဆိုရင် အဆင့်(၂)နေရာက မန်စီးတီးနဲ့ တစ်မှတ် အဆင့်(၁)နေရာက အာဆင်နယ်နဲ့ (၉)မှတ်သာ ကွာဟနေပါတော့တယ်။ ယူနိုက်တက်ဒ်ဟာ လာမဲ့အပတ်မှာလည်း အာဆင်နယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေသေးတာကြောင့် ဒီပွဲမှာသာ ယူနိုက်တက်ဒ် ရလဒ်ကောင်းမယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်က ဖြစ်လာနိုင်သေးတယ်လို့ ဗာရန်က ပြောဆိုလိုက်ပါတယ်။

Manchester United Raphael Varane says 'everything is possible' in the title  race after derby victory

Photo Credit : Daily Mail

“ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေ တစ်ပွဲပြီးတစ်ပွဲ သေချာ ကစားသွားဖို့သာ လိုအပ်ပါတယ်။ သွားရမဲ့ ခရီးလမ်းက ရှည်လျားပြီး အရမ်းခက်ခဲပါတယ်။ ပွဲတိုင်းရဲ့ ပြင်းထန်မှုဟာလည်း မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ ကစားရတဲ့ ပွဲစဉ်တိုင်းရဲ့ ပြင်းထန်မှုက ချန်ပီယံလိဂ်ပွဲကြီးတွေ ကစားနေရသလိုပဲ။ ပြိုင်ဆိုင်မှုတွေက အရမ်း ပြင်းထန်ပါတယ်။ ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကလည်း အရမ်းကောင်းပါတယ်။ ဘယ်လောက် ခက်ခဲသလဲဆိုတာကိုလည်း ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာလည်း ကျစ်ကျစ်လစ်လစ်နဲ့ သန်မာပါတယ်။ အရည်အသွေးရှိတဲ့ ကစားသမားတွေကို ကောင်းကောင်း အသုံးချတတ်ဖို့သာ လိုအပ်ပါတယ်” လို့ ဗာရန်းက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဒ်အသင်းဟာ အခုရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ယူထားခဲ့ဖူးတဲ့ တစ်သင်းသောတည်း အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး လာမဲ့တစ်ပတ် Emirates မှာ ရင်ဆိုင်ရမဲ့ ပွဲစဉ်မှာလည်း လတ်တလော form အကောင်းဆုံး ဖြစ်နေတဲ့ ယူနိုက်တက်ဒ်က အာဆင်နယ်ကို ထပ်ပြီး အနိုင်ယူသွားဖို့ အဆင့်သင့် ဖြစ်နေသလို အာဆင်နယ်ကလည်း ရှုံးကြွေးပြန်ဆပ်ဖို့အတွက် ready ဖြစ်နေမှာ သေချာနေပါတယ်။