မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်လည်း တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေရာ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီလည်း အပါအဝင် ဖြစ်လို့နေပါတယ်။

တကယ်တော့ ယူနိုက်တက်က ဒီနွေမှာ အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းကို ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုပြီး ခေါ်ယူခဲ့ရပေမယ့်လည်း ဟွိုင်လန်းက လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုးတစ်ဂိုးတည်းသာ သွင်းယူနိုင်တဲ့အထိ ရုန်းကန်နေရပါတယ်။

Photo Credit : Fear the Wall

ဒါ့အပြင် အသင်းတိုက်စစ်က ရပ်ရှ်ဖို့ဒ် မာရှယ် အန်တိုနီ ဂါနာချိုတို့ဟာလည်း သွင်းဂိုးတွေ ရရှိဖို့ပါ ခက်ခဲနေရတာကြောင့် ယူနိုက်တက်အနေနဲ့ အခု ဈေးကွက်အတွင်းမှာပဲ တိုက်စစ်မှူး တစ်ဦးခန့် ခေါ်ယူဖို့ လိုအပ်လာခဲ့ရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်အနေနဲ့ FFP စည်းမျဉ်းရဲ့ အခြေအနေတွေကြောင့် ယူနိုက်တက်က အငှား ဒါမှမဟုတ် ဈေးပေါတဲ့ ကစားသမားမျိုးကိုသာ ခေါ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ကစားသမား အနည်းငယ်လောက်ကိုသာ ပစ်မှတ်ထားနိုင်ပါတယ်။

Photo Credit : Footbalium

ယူနိုက်တက် ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့ အသက် (၂၇)နှစ်အရွယ် ဂီနီလက်ရွေးစင် တိုက်စစ်မှူး ဂွီရက်ဆီကတော့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ အတော်လေးကို ခြေစွမ်းပြသနေသူဖြစ်ပြီး (၁၄)ပွဲကစား (၁၇)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဂွီရက်ဆီကို ဒီလို ဂိုးသွင်းကောင်းမွန်မှုကြောင့်သာ စိတ်ဝင်စားကြတာ မဟုတ်ပဲ လက်ရှိ သူရဲ့ စာချုပ်လျော်ကြေးကပါ ပေါင် (၁၅)သန်းတည်းသာ ရှိနေတာမို့ ကလပ်အသင်း တပုံတပင်က အပြိုင် စိတ်ဝင်စားနေကြပြီး ဒီလို လျော်ကြေးစာချုပ် အသက်ဝင်နေစဉ်အတွင်းမှာ ယူနိုက်တက်အနေနဲ့ ဂွီရက်ဆီကို အလျင်အမြန် ကြိုးပမ်းသွားဖို့ လိုအပ်နေပါတယ်။