မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ် အကောင်းမွန်ဆုံး ကလပ်အသင်း တစ်သင်းအဖြစ် အံ့အားသင့်စဖွယ် ရပ်တည်လျက် ရှိနေရပါတယ်။

ချန်ပီယံလိဂ်မှာ (၄)ပွဲကစား (၁)ပွဲတည်းသာ အနိုင်ရထားလို့ အုပ်စုတက်ဖို့ အခြေအနေ မဟန်တော့သလို လိဂ်ဖလားဘက်မှာလည်း နယူးကာဆယ်အသင်းရဲ့ ရှုံးကြွေးဆပ်ထားမှုကြောင့် စတုတ္ထအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရတဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ်ဘက်မှာတော့ အံ့အားသင့်ဖွယ် in-form ဖြစ်နေရပါတယ်။

Photo Credit : Marca

ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလကနေ စတင်ပြီး အခု နိုဝင်ဘာလထဲထိ ပရီးမီးယားလိဂ်ပွဲပေါင်း (၅)ပွဲ ကစားထားခဲ့ရာ မန်ချက်စတာဒါဘီပွဲ တစ်ပွဲတည်းကိုသာ အရေးနိမ့်ခဲ့ပြီး ကျန်တဲ့ (၄)ပွဲလုံး အနိုင်ရထားခဲ့ပါတယ်။

ယူနိုက်တက်က အောက်တိုဘာ (၇)ရက်နေ့ကနေ နိုဝင်ဘာ (၁၁)ရက်နေ့အတွင်း ဘရန့်ဖို့ဒ် ရှက်ဖီးယူနိုက်တက် မန်စီးတီး ဖူလ်ဟမ် လူတန်တောင်းတို့နဲ့ ရင်ဆိုင်ခဲ့ရာ မန်စီးတီး တစ်သင်းတည်းကိုပဲ (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အရေးနိမ့်ခဲ့ပြီး ကျန်တဲ့ ပွဲတွေကို အနိုင်ကစားထားနိုင်ခဲပါတယ်။

Photo Credit : Sportsbreaks

ယူနိုက်တက်က (၅)ပွဲကစား (၄)ပွဲနိုင် ရမှတ် (၁၂)မှတ်ထိ အမြင့်ဆုံး ရရှိထားချိန်မှာ အာဆင်နယ်က (၅)ပွဲကစား (၃)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံးနဲ့ ရမှတ် (၁၀)မှတ် ၊ အဲဗာတန်အသင်းလည်း (၅)ပွဲကစား ရမှတ် (၁၀)မှတ် မန်စီးတီးကတော့ ဒီညပွဲ မကစားထားရသေးလို့ (၄)ပွဲ ကစားပြီးချိန် နိုင်ပွဲ (၃)ပွဲ ရှုံးပွဲ (၁)ပွဲ ရှိထားလို့ ရမှတ် (၉)မှတ်သာ ရထားပါသေးတယ်။

ယူနိုက်တက်က နောက်ဆုံး ကစားထားတဲ့ (၅)ပွဲအတွင်း ရလဒ်တွေ ကောင်းထားပေမယ့်လည်း တစ်ဖက်မှာတော့ (၅)ပွဲမှာ (၆)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို တိုက်စစ်ကစားသမားတွေဆီက သွင်းဂိုးတွေ တစ်ဂိုးမှ မပါဝင်ခဲ့ပဲ တွမ်မီနေး တစ်ဦးတည်းကသာ (၃)ဂိုးထိ သွင်းယူထားခဲ့ပါတယ်။