မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဟာရီမက်ဂွိုင်းရားနဲ့ ကွင်းလယ်လူ စကော့မက်တွမ်မီနေးတို့ နှစ်ဦးစလုံးကို အသင်းကနေ ရောင်းချသွားနိုင်တယ်လို့ ဘောလုံးသတင်းထောက် အဲလက်စ်ခရော့စ်က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

ယူနိုက်တက်ဒ်အသင်းကို နည်းပြအဲရစ်တန်ဟက်ဂ် ကိုင်တွယ်တုန်းက အသင်းအတွက် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ကွင်းလယ်လူ ကက်စမဲရိုးတို့ကို ခေါ်ယူခဲ့ပြီး ဒီကစားသမားတွေက လက်ရှိ အသင်းမှာလည်း ပုံမှန်နေရာရနေသလို ဒီကစားသမားတွေကြောင့်လည်း မက်ဂွိုင်းရားနဲ့ တွမ်မီနေးတို့ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေပေမယ့်လည်း မာတီနက်ဇ် ဗာရန်းတို့အပြင် တစ်ခါတစ်ရံ လင်ဒီလော့ထက်တောင် နေရာပေးမခံရတဲ့ မက်ဂွိုင်းရားနဲ့ ကက်စမဲရိုးကြောင့် ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေရတဲ့ တွမ်မီနေးတို့ဟာ သူတို့ရဲ့ ကစားသမားဘဝ အနာဂတ်အတွက် အပြောင်းအလဲတွေ လုပ်ဆောင်လာဖို့ စဉ်းစားလာခဲ့သလို အသင်းကလည်း ဒီကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Goal

လက်စတာကနေ ယူနိုက်တက်ဒ်အသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်သန်း(၈၀)နဲ့ ရောက်ရှိလာပြီး နှစ်အနည်းငယ်လေးအတွင်းမှာပဲ ယူနိုက်တက်ဒ် အသင်းခေါင်းဆောင် ဖြစ်လာခဲ့ရတဲ့ မက်ဂွိုင်းရားက လက်ရှိမှာတော့ ဗာရန်း မာတီနက်ဇ်တို့ကျော်ပြီး ပုံမှန်နေရာရဖို့က ဖြစ်နိုင်ချေ နည်းပါးနေရသလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ် (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပါတယ်။ ယူနိုက်တက်ဒ် အကယ်ဒမီထွက် ကစားသမား တွမ်မီနေးမှာလည်း ယူနိုက်တက်ဒ်အတွက် အသုံးဝင်တဲ့ ကစားသမား ဖြစ်ပေမယ့် မန်ချက်စတာဒါဘီ ပထမအကျော့ပွဲ နောက်ပိုင်းကတည်းက အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း လူစားဝင်အဖြစ်နဲ့သာ ကစားရတော့ပြီး အာဆင်နယ်နဲ့ပွဲမှာတောင် ကက်စမဲရိုးသာ ပွဲပယ်မခံရရင် အာဆင်နယ်ပွဲကိုပါ လွဲချော်ရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ မက်ဂွိုင်းရားနဲ့ တွမ်မီနေးတို့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း စောင့်ကြည့်နေပြီဖြစ်လို့ ယူနိုက်တက်ဒ်က လာမယ့်နွေမှာ ဒီကစားသမားနှစ်ဦးကို ရောင်းထုတ်ပြီး အသင်းရဲ့ နွေအသုံးစရိတ်အတွက် ဘက်ဂျက်အင်အား ဖြည့်တင်းသွားဖွယ် ရှိနေပါတယ်။ လက်ရှိမှာ မက်ဂွိုင်းယားကို ဗီလာ ၊ ဝက်စ်ဟမ်းနဲ့ တွမ်မီနေးကို နယူးကာဆယ်တို့က အသီးသီး စိတ်ဝင်စားနေပါတယ်။