အခု ဆောင်းဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေလျက် ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာလည်း တူရကီကလပ် ဘက်ဆစ်တက်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ ဘန်လေ တိုက်စစ်ကစားသမား ဗက်ဟို့စ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူပြီး အဲ့ဒီ အငှားစာချုပ်ထဲမှာလည်း ပေါင်(၁၀)သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါ ပါရှိထားတယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ လက်တွဲဖြုတ်ပြီးနောက်ပိုင်းကတည်းက တိုက်စစ်ပိုင်းအတွက် ကစားသမား ပြန်လည် ဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းဟာ ဂျာအိုဖေးလစ် အဘူဘာကာတို့အပြင် ကစားသမားဟောင်း မန်ဖစ်ဒီပိုင်းတို့နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလည်း ဘန်လေအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ရရင်းနဲ့ လက်ရှိ ဘက်ဆစ်တက်အသင်းမှာ အငှားကစားနေသူ ဗက်ဟို့စ်နဲ့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Image

Photo Credit : Twitter

ယူနိုက်တက်အသင်းက အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဝုလ်ဖ်ဘတ် ကစားသမားဟောင်း ဗက်ဟို့စ်ကို ဘန်လေအသင်းကနေ အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့တယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက သတင်းဖော်ပြထားပြီး ကစားသမားကိုယ်တိုင်ကလည်း နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ လက်တွဲဖို့အတွက် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်က ဗက်ဟို့စ်ကို အခု ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ အငှားနဲ့ ခေါ်ယူပြီး အငှားသက်တမ်း ပြည့်သွားချိန်မှာ ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ကိုပါ ထည့်သွင်း ကမ်းလှမ်းထားတာဖြစ်လို့ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ဘန်လေနဲ့ လက်ရှိ ဗက်ဟို့စ် အငှားနဲ့ ပါဝင်နေတဲ့ ဘက်ဆက်တစ်အသင်းတို့မှာသာ မူတည်တော့တယ်လို့ သိရပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကလည်း အသင်းတိုက်စစ်အတွက် ဗက်ဟို့စ်လို အမြင့်ဘောကောင်းတဲ့ ကစားသမားမျိုးကို လိုအပ်နေတဲ့အပြင် ဗက်ဟို့စ်ကိုယ်တိုင်ကလည်း မနေ့ညက တူရကီလိဂ်ပွဲအတွင်း ဘက်ဆစ်တက်အတွင်း ဂိုးသွင်းယူပြီးတဲ့နောက် အောင်ပွဲခံနေရင်းနဲ့ အသင်းပရိသတ်တွေကို နှုတ်ဆက်နေတဲ့ ပုံစံပါ ပြုလုပ်သွားခဲ့ရာ ယူနိုက်တက်နဲ့ ဗက်ဟို့စ်တို့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ အလွန် နီးစပ်လာနေပြီလို့ သုံးသပ်နေကြပါတယ်။