ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် တရားဝင် ခြေလှမ်းစတင်လိုက်ပြီး အသင်းနှစ်သင်းကြား video call ကနေတစ်ဆင့် ဆွေးနွေးသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့သတင်းထောက် ဂျန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားလာတဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့အတွက် တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းကလည်း အပြိုင်ကြိုးပမ်းနေပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ခြေ အခြေအနေတွေကို သိရှိလိုနေပြီး ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက်နဲ့ ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့် တရားဝင် စတင်ဆွေးနွေးဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့တော့မယ်လို့ သေချာသလောက် ဖြစ်ခဲ့ပါတယ်။ သူဟာ ချယ်လ်ဆီးမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၅ ဂိုးသွင်း ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ကာ အသင်းကို ယူရိုပါ ကွန်းဖရန့်လိဂ်ဖလား ဆွတ်ခူးရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် လန်ဒန်ကလပ်ဟာ သူ့ကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူမယ့်အစား ပေါင် ၅ သန်းကို ဒဏ်ကြေးအဖြစ်ပေးချေပြီး အိုးလ်ထရက်ဖို့ဒ်ဆီကို ပြန်လွှတ်ဖို့ မထင်မှတ်ဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိစာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ဆန်ချိုအတွက် ယူနိုက်တက်ဟာ သူတို့ရဲ့ မူလရင်းနှီးမြှုပ်နှံမှုထက် အများကြီးလျော့နည်းတဲ့ ယူရို သန်း ၂၀ (ပေါင် ၁၇ သန်း) ဝန်းကျင်နဲ့ လာတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ ပြင်ဆင်ထားပါတယ်။

Photo Credit : TEAMtalk

အီတလီသတင်းတွေအရ ဂျူဗင်တပ်စ်ဟာ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကို ထေမိသွားအောင် ကစားသမားအလဲအလှယ်လုပ်မယ့် အစီအစဉ်ကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ တူရင်အခြေစိုက်ကလပ်ဟာ ဆားဘီးယားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ဒါမှမဟုတ် ဒေါက်ကလပ်စ် လုဇ် တို့ထဲက တစ်ဦးကို အလိုက်ပေးကမ်းလှမ်းဖို့ အဆင်သင့်ရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီး တစ်ပတ်လုပ်ခ ပေါင် ၂၁၅,၀၀၀ ရရှိနေတဲ့ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ လုပ်ခလစာကို လျှော့ချဖို့အတွက် ရောင်းထုတ်လိုနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် အဓိကအခက်အခဲကတော့ ဆန်ချိုရဲ့ လက်ရှိရရှိနေတဲ့ လစာဖြစ်ပါတယ်။ သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ဟာ ဂျူဗင်တပ်စ်နဲ့ ဖီနာဘာချီအသင်း အပါအဝင် ကလပ်အသင်းအများစုအတွက် အလွန်များပြားနေတယ်လို့ ရှုမြင်ကြပါတယ်။ ဒီလစာပမာဏဟာ ချယ်လ်ဆီးအသင်းက သူ့ကို အပြီးသတ်မခေါ်ယူတော့ဘဲ လက်လွှတ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။