မန်ချက်စတာ စီးတီးအသင်းဟာ ဒီနွေဈေးကွက် မပိတ်ခင်အတွင်းမှာပဲ ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပါကေတာ နဲ့ ရန်းစ် တောင်ပံ ကစားသမား ဂျယ်ရမီ ဒိုကူတို့ နှစ်ဦးလုံးကို ခေါ်ယူသွားလိမ့်မယ်လို့ သိရှိရပါတယ်။
အထင်ကရ ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်ထဲမှာ မန်စီးတီးက ကွင်းလယ်ပိုင်းအတွက် ပါကေတာကို ထပ်မံ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကာ ပြီးရင်တော့ ဒိုကူကိုလည်း ဆက်လက် ကြိုးပမ်သွားမယ်လို့ သိရပါတယ်။
Photo Credit : Twitter
လက်ရှိမှာ စီးတီးရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းနားက လက်ရှိမှာ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်မှုပါ ခံယူရတော့မှာဖြစ်ပြီး ၂၀၂၄ခုနှစ်ရဲ့ နှစ်စပိုင်းလောက်မှပဲ ဘောလုံး ပြန်ကစားနိုင်တော့မှာဖြစ်လို့ ဒီဘရိုင်းနား နေရာအတွက် ပါကေတာကို အစားထိုးဖို့ လိုအပ်လာခဲ့ပါတယ်။
အသက် (၂၅)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ပါကေတာဟာ စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာ နှစ်သက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ ကစားသမားကိုယ်တိုင်က မန်စီးတီးဆီ ပြောင်းရွှေ့လိုနေတာကြောင့် လာမယ့် တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်းမှာပဲ ပါကေတာအတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်လိမ့်မယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပါတယ်။
Photo Credit : Twitter
ဘယ်လ်ဂျီယံ တောင်ပံကစားသမားလေး ဒိုကူကတော့ အယ်လ် အာလီဆီ ရောက်ရှိသွားတဲ့ တောင်ပံကစားသမားကြီး ရီးယတ်ဒ် မာရက်ဇ် နေရာမှာ အစားထိုးဖို့အတွက် ဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီး နဲ့ ဒိုကူတို့ကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေလည်း ရရှိထားပါတယ်။
ပဲလေ့စ်က အိုလီဆေး နဲ့ ဒိုကူတို့ နှစ်ဦးကို မာရက်ဇ် နေရာမှာ အစားထိုးဖို့ ချိန်ရွယ်ခဲ့ပေမယ့် အိုလီဆေးက ချယ်လ်ဆီးကိုပဲ ရွေးချယ်ခဲ့သလို စီးတီးကလည်း အိုလီဆေးထက် ဒိုကူကို ပိုဦးစားပေး အလိုရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ စီးတီးက ပါကေတာကို ဦးစားပေး ကမ်းလှမ်းဖို့ ရှိနေပြီး ပါကေတာအတွက် သဘောတူညီမှု ရတာနဲ့ ဒိုကူကိုပါ ဆက်လက် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။