အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ညာနောက်ခံလူ ဒန်ဇယ် ဒမ်းဖရီးစ်ရဲ့ အနာဂတ်အတွက် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူရို(၂၅)သန်းသာရှိတဲ့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့်အပတ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာ စီးတီးနဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတာကြောင့် ဖြစ်ပါတယ်။
ဒမ်းဖရီးစ်ရဲ့ မက်လောက်စရာကောင်းတဲ့ စာချုပ်ပါ စည်းကမ်းချက်က မန်စီးတီးနဲ့ ဘာစီလိုနာတို့ရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ဖမ်းစားထားပါတယ်။ Mundo Deportivo သတင်းစာရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ဒမ်းဖရီးစ်ကို လက်လွှတ်လိုစိတ်မရှိပေမယ့် အသင်းနှစ်သင်းလုံးက အဆိုပါ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေပြီး အလွယ်တကူ ခေါ်ယူမှာကို စိုးရိမ်နေပါတယ်။ ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် အင်တာမီလန်ရဲ့ နွေရာသီအစီအစဉ်တွေကို ထိခိုက်သွားနိုင်ပါတယ်။
Photo Credit : Goal
နည်းပြ ပက်ပ် ဂွါဒီယိုလာဟာ ရီကို လူးဝစ်နဲ့ နေရာလုနိုင်မယ့် ညာနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူလိုနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် အသက်(၂၉)နှစ်အရွယ် ဒမ်းဖရီးစ်ကို ခေါ်ယူအားဖြည့်ခြင်းဖြင့် အသင်းရဲ့ အားနည်းချက်ကို ဖာထေးဖို့ ရည်ရွယ်နေတာပါ။ ဒါပေမဲ့ အင်္ဂလန်ကလပ်ဟာ အချိန်နဲ့တစ်ပြေးညီ လှုပ်ရှားဖို့ လိုအပ်နေပြီး အဆိုပါ စာချုပ်ဖျက်သိမ်းကြေးဟာ ဇူလိုင်လ(၁၅)ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကလည်း ဒမ်းဖရီးစ်ကို စိတ်ဝင်စားနေပြီး သူ့ရဲ့ကစားပုံက အသင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် နယ်သာလန်လက်ရွေးစင် ဒမ်းဖရီးစ်ဟာ နာမည်ကြီး အေးဂျင့် ဂျော့ မန်ဒက်စ်ကို သူ့ရဲ့ အေးဂျင့်အသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပါတယ်။ ဘာစီလိုနာအသင်းဟာ မန်ဒက်စ်နဲ့ ဆက်ဆံရေးကောင်းမွန်တာကြောင့် ဒါဟာ သူတို့အတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
Photo Credit : Sempre Inter
အင်တာမီလန်အသင်းဟာ ဒမ်းဖရီးစ် ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့အတွက် ဘိုလော့ဂ်နာအသင်းရဲ့ ဒန် အန်ဒိုယီကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့ ဘိုလော့ဂ်နာအသင်းကတော့ ဆွစ်ဇာလန်ကစားသမားအတွက် ယူရို(၄၅)သန်း အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။
အီတလီ စီးရီးအေရဲ့ လက်ရှိချန်ပီယံ နာပိုလီအသင်းကလည်း အသက်(၂၄)နှစ်အရွယ် အန်ဒိုယီကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် အင်တာမီလန်အတွက် ဒမ်းဖရီးစ်ရဲ့အခြေအနေကို အမြန်ဆုံးဖြေရှင်းဖို့ ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။