မန်ချက်စတာ စီးတီးအသင်းဟာ ကွင်းလယ်တိုက်စစ်နေရာဖြစ်တဲ့ နံပါတ်(၁၀)နေရာအတွက် နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား မော်ဂန် ဂစ်ဘ်စ် ဝှိုက်ကို စိတ်ဝင်စားနေတဲ့အပြင် လိုင်ယွန်အသင်းရဲ့ ပြင်သစ် ကွင်းလယ်တိုက်စစ် ကစားသမား ရာယန် ချာကီကိုပါ ပစ်မှတ်ထားနေတယ်လို့ Telegraph ကနေ ဖော်ပြလာပါတယ်။
မန်စီးတီးက အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကီဗင် ဒီဘရိုင်းက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး နွေမှာ အသင်းပြောင်းတော့မှာဖြစ်လို့ ဒီကစားသမားကြီး နေရာအတွက် ဂစ်ဘ်စ် ဝှိုက်ကို အလိုရှိနေသလို အခုဆိုရင် လိုင်ယွန်က ချာကီကိုပါ မျက်စိကျလာခဲ့ပြန်ပါတယ်။
Photo Credit : beIN SPORTS
အသက်(၂၁)နှစ်သာ ရှိနေသေးတဲ့ ပြင်သစ် လက်ရွေးစင် ချာကီဟာ ညာတောင်ပံနေရာမှာ အဓိက ကစားသူဖြစ်ပြီး ဘယ်တောင်ပံရော ကွင်းလယ်တိုက်စစ်နေရာတွေအထိပါ ကစားနိုင်တဲ့ အရည်အသွေးမြင့် ကြယ်ပွင့်တစ်ဦးလည်း ဖြစ်ပါတယ်။ လိုင်ယွန် အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ချာကီဟာ အခုတော့ လိုင်ယွန်ကို စွန့်ခွာဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။
ချာကီဟာ လိုင်ယွန်အသင်းနဲ့ တစ်နှစ်စာချုပ်သာ ကျန်ရှိနေတော့ပြီး သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ပေါင်(၂၅)သန်းဝန်းကျင်လောက်သာ ရှိနေတာဖြစ်လို့ ချာကီကို ကလပ်အသင်းပေါင်းစုံ အလိုရှိနေကြပြီး အခုတော့ မန်စီးတီးအသင်းကပါ ချာကီလုပွဲထဲကို ဝင်ရောက်လာခဲ့ပါတယ်။
Photo Credit : Bavarian Football Works
မန်စီးတီးအနေနဲ့က အင်္ဂလန် ကစားသမားလည်းဖြစ် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေလည်း ရှိနေတဲ့ နော်တင်ဟမ်က ဂစ်ဘ်စ် ဝှိုက်ကိုသာ အသင်းရဲ့ ဦးစားပေး ပစ်မှတ်အဖြစ်နဲ့သာ သတ်မှတ်ထားမှာဖြစ်ပြီး တကယ်လို့ ဂစ်ဘ်စ် ဝှိုက်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့မှသာ ချာကီကို ပြောင်းလဲ ကြိုးပမ်းလာနိုင်ဖွယ် ရှိနေပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆုဖလားလက်မဲ့ ရာသီတစ်ခု ဖြစ်ခဲ့ရတာကြောင့် လာမယ့် နွေဈေးကွက်အတွင်းမှာပဲ နံပါတ်(၁၀)နေရာအတွက် ဂစ်ဘ်စ် ဝှိုက် ၊ ချာကီတို့အပြင် ကွင်းလယ် နံပါတ်(၈)နေရာအတွက်ကိုလည်း အေစီမီလန်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ရိုင်းဒါစ်ကိုပါ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။