မန်ချက်စတာ စီးတီးအသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်လျက် ရှိနေပြီး အခုလည်း အသင်းကနေ ထွက်ခွာတော့မယ့် ကိုင်း ဝေါ်လ်ကာနေရာအတွက် အီတလီ နောက်ခံအစွန်လူ ကမ်ဘီယာဆိုကို ခေါ်ယူဖို့ ကြိုးပမ်းနေပြန်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့  (၄)နှစ်ဆက် ချန်ပီယံ မန်စီးတီးအသင်းဟာ အခု ဘောလုံးရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရသလို ရိုဒရီ အပါအဝင် အသင်းက အဓိက ကစားသမားတွေဟာလည်း ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရတာကြောင့် အသင်းရဲ့ ဟန်ချက်က မညီတော့ဘဲ ပွဲတိုင်းနီးပါးမှာ ရုန်းကန်နေရပါတယ်။

Photo Credit : Football365

ဒါကြောင့် ဆောင်းဈေးကွက် ဖွင့်ချိန်မှာ မန်စီးတီးက ခံစစ်ပိုင်းအတွက် လူငယ် ခံစစ်ကစားသမားလေးတွေဖြစ်တဲ့ ခူဆာနော့ဗ်နဲ့ ဗစ်တာ ရီးစ်တို့အပြင် တိုက်စစ်ပိုင်းအတွက်ကိုလည်း ဖရန့်ဖတ်မှာ ခြေစွမ်းပြသလို့နေတဲ့ အီဂျစ် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်ကိုပါ ခေါ်ယူဖို့ သဘောတူညီမှုတွေ အသီးသီး ရရှိထားခဲ့ပါတယ်။

နွေတုန်းက ဆာဗင်ဟိုနဲ့ ဂွန်ဒိုဂန်တို့ပဲ ခေါ်ယူထားခဲ့တဲ့ မန်စီးတီးဟာ ဆောင်းဈေးကွက်မှာတော့ ကစားသမားသစ် (၃)ဦးအပြင် ဒီဆောင်းမှာပဲ အသင်းကနေ ထွက်ခွာတော့မယ့် အသင်းခေါင်းဆောင် ညာနောက်ခံလူ ဝေါ်လ်ကာနေရာအတွက် နောက်ခံအစွန်လူ ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားဖွယ် ရှိနေပြန်ပါတယ်။

Photo Credit : Juvefc

လက်ရှိမှာတော့ မန်စီးတီးက ဂျုဗင်တပ်စ်အသင်းရဲ့ အသက်(၂၄)နှစ်အရွယ် အီတလီ full-back ကစားသမားဖြစ်သူ အန်ဒရေယာ ကမ်ဘီယာဆိုကို အလိုရှိနေပါတယ်။ ဂျီနိုအာ လူငယ်အကယ်ဒမီထွက် ကစားသမားဟာ ၂၀၂၂ခုနှစ်ကတည်းက ဂျုဗင်တပ်စ်ဆီ ရောက်ရှိခဲ့ပြီး ဘိုလော့ဂ်နာမှာ တစ်ရာသီ အငှားကစားပြီးမှ ဂျုဗင်တပ်စ်အတွက် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘယ်နောက်ခံနေရာမှာ ကစားနေတဲ့ ကမ်ဘီယာဆိုဟာ ညာခြမ်းခံစစ်မှာလည်း ကစားတက်သူဖြစ်ပြီး မန်စီးတီးကတော့ ကမ်ဘီယာဆိုအတွက် ယူရိုသန်း(၆၀)ဝန်းကျင်အထိ အသုံးပြုသွားဖို့ပါ ရှိနေပါတယ်။ လက်ရှိမှာ မန်စီးတီးက ကမ်ဘီယာဆို အပြောင်းအရွှေ့အတွက် ကစားသမားနဲ့ရော အသင်းနဲ့ပါ ဆွေးနွေးနေသလို ကစားသမားနဲ့ ဆွေးနွေးမှုမှာတော့ အခြေအနေကောင်းလျက် ရှိနေပါတယ်။