ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေ တော်တော်များများ စိတ်ဝင်စားနေကြတဲ့ ဖူလ်ဟမ်အသင်းရဲ့ အမေရိကန် ဘယ်နောက်ခံကစားသမား အန်တွန်နီ ရော်ဘင်ဆန်ကို မန်ချက်စတာ စီးတီးအသင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၆)နှစ်အရွယ် အမေရိကန် လက်ရွေးစင် ဘယ်ခြမ်း ခံစစ်ကစားသမား ရော်ဘင်ဆန်ဟာ အဲဗာတန် လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အဲ့ဒီကမှ ဘော်လ်တန် ဝီဂန်တို့မှာ ကစားရင်းနဲ့ ၂၀၂၀ခုနှစ်မှာတော့ ဝီဂန်ကနေ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : The Sun

တကယ်တော့ ရော်ဘင်ဆန်ဟာ ဖူလ်ဟမ်အသင်းဆီ မပြောင်းရွှေ့ခင် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်ခဲ့ပေမယ့်လည်း ဆေးစစ်မှုမှာ မအောင်မြင်ခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပြီး အဲ့ဒီအချိန်မှာပဲ ဖူလ်ဟမ်က ရော်ဘင်ဆန်ကို အရ ခေါ်ယူသွားခဲ့ပါတယ်။

ရော်ဘင်ဆန်က ဖူလ်ဟမ်ကို ရောက်ရောက်ချင်း နှစ်မှာပဲ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပွဲပေါင်းများစွာကို ပါဝင်ကစားခဲ့ရသလို အသင်းက ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်အထိ တန်းဆင်းသွားချိန်မှာတောင် ရော်ဘင်ဆန်က ဖူလ်ဟမ်နဲ့သာ ဆက်လက် လက်တွဲရင်း အသင်းကို ပရီးမီးယားလိဂ်အထိ ပြန်လည် ပို့ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

အခုဆိုရင် ရော်ဘင်ဆန်က ဖူလ်ဟမ်အတွက် (၄)ရာသီခန့် ပါဝင်ကစားထားခဲ့တဲ့ ရော်ဘင်ဆန်ဟာ အမေရိကန်အသင်းအတွက်လည်း ပွဲပေါင်း (၃၉)ပွဲအထိ ပါဝင်နိုင်ခဲ့ပြီဖြစ်ပြီး သူရဲ့ ခြေစွမ်းပိုင်းတွေကလည်း ပိုမို တိုးတက် ကောင်းမွန်လာခဲ့လို့ ရော်ဘင်ဆန်ကို လီဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက စိတ်ဝင်စားလာကြပါတယ်။

အခုတော့ ရော်ဘင်ဆန်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်စီးတီးပါ ထပ်တိုး ပါဝင်လာခဲ့ပြီး မန်စီးတီးရဲ့ ဘယ်ခြမ်း ခံစစ်အပိုင်းမှာလည်း ဘယ်နောက်ခံလူစစ်စစ်ဆိုလို့ ဆာဂျီယို ဂိုမက်ဇ်တစ်ဦးသာ ရှိနေကာ နေသန် အကီ ၊ ဂါဗာဒီယော့ နဲ့ အကန်ဂျီတို့က အလှည့်ကျ ကစားပေးနေရလို့ စီးတီးအနေနဲ့ ရော်ဘင်ဆန်လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ဘယ်နောက်ခံလူတစ်ဦးကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။