မန်ချက်စတာ စီးတီးအသင်းနဲ့ အေစီမီလန်အသင်းတို့ကြားမှာ အေစီမီလန် ကွင်းလယ်ကစားသမား တီယာနီ ရိုင်းဒါစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေသလို ဆွေးနွေးမှုတွေဟာလည်း တိုးတက်တဲ့ အခြေအနေမျိုးကို ရောက်ရှိနေပြီလို့ သတင်းတွေက ဆိုပါတယ်။

နာမည်ကျော် အီတလီအခြေစိုက် Sky Sport Italia ရဲ့ မီလန်သတင်းထောက် ပက်ပီ ဒီ စတီဖာနိုက မီလန်နဲ့ မန်စီးတီးအသင်းတို့ကြား ရိုင်းဒါစ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit : Football Italia

နယ်သာလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ရိုင်းဒါစ်ဟာ မန်စီးတီးရဲ့ ဗဟိုကွင်းလယ်အတွက် ဦးစားပေး ပစ်မှတ်ဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာပဲ သူ့ကို ခေါ်ယူဖို့ တွန်းအားပေးနေပါတယ်။

“မီလန်ဟာ ရာသီအကုန်မှာ ချက်ချင်းဆိုသလို အဓိက ကစားသမားတစ်ဦးကို ရောင်းချနိုင်တယ်လို့ ကျွန်တော်တို့ကို ရက်အနည်းငယ်ကတည်းက သတင်းပို့ခဲ့ပါတယ်။ အဲဒါကတော့ တီယာနီ ရိုင်းဒါစ်ပါပဲ။ မန်ချက်စတာ စီးတီးနဲ့ ဆွေးနွေးမှုတွေဟာ အဆင့်မြင့် အခြေအနေကို ရောက်ရှိနေပါပြီ” လို့ Sky သတင်းထောက်က Pianeta Milan မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Photo Credit : SempreMilan

ရိုင်းဒါစ်ဟာ မကြာသေးမီကမှ မီလန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ဒီရာသီ ပြိုင်ပွဲစုံ (၅၃)ပွဲမှာ (၁၅)ဂိုး သွင်းယူပြီး (၅)ဂိုး ဖန်တီးပေးထားပြီး စွမ်းဆောင်မှုကောင်းတွေ ပြသထားနိုင်တာကြောင့် ရီးရဲလ် မက်ဒရစ်အပါအဝင် ဥရောပရဲ့ ထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းကလည်း ရိုင်းဒါစ်ကို ခေါ်ယူဖို့အတွက် စုံစမ်းခဲ့ဖူးပါတယ်။ မီလန်ဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် ဥရောပပြိုင်ပွဲဝင်ခွင့် မရရှိခဲ့တာကြောင့် ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနိုင်ပြီး အသင်းက ကြယ်ပွင့်ကစားသမား တစ်ဦးဦးကိုလည်း ရောင်းချဖို့ ဖိအားပေးခံရနိုင်ပါတယ်။