ဒီနှစ်နွေဈေးကွက်ထဲမှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟော်လန်းကို ခေါ်ယူထားနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ လတ်တလောမှာတော့ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘယ်သူမှ မထင်မှတ်ထားတဲ့ ခေါ်ယူမှုတစ်ခုကို ပြုလုပ်လိုက်တာဖြစ်ပြီး ဒီကစားသမားကတော့ အာမီးနီးယားဂိုးသမား စတက်ဖန်အော်တီဂါပဲ ဖြစ်ပါတယ်။
Photo Credit : Goal
အထောင်တိုက်စစ်နေရာအတွက် ဒေါ့မွန်ကြယ်ပွင့် ဟော်လန်းကို ခေါ်ယူထားပြီးနောက် ဘယ်နောက်ခံလူ ကူကူရယ်လာနဲ့ ကွင်းလယ်ခံစစ်ကစားသမား ကယ်လ်ဗင်ဖီးလစ်တို့ကို ဆက်လက်ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ အသင်းနဲ့ သတင်းတောင် သိပ်မထွက်တဲ့ ဘွန်ဒစ်လီဂါကလပ် အာမီးနီးယားအသင်းရဲ့ ဂျာမနီဂိုးသမား စတက်ဖန်အော်တီဂါကို လက်ရှိအသင်းရဲ့ ပင်တိုင်ဂိုးသမား အီဒါဆန်ရဲ့ back-up ဂိုးသမားအဖြစ် ထားရှိဖို့အတွက် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီးအသင်းမှာ အမေရိကန် ဂိုးသမား ဇက်စတက်ဖန်က အရန်ဂိုးသမားအဖြစ် ရှိနေပေမယ့် စတက်ဖန်ဟာ မနှစ်က အက်အေဖလား ဆီမီးဖိုင်နယ်လို ပွဲစဉ်မျိုးမှာ အမှားကျူးလွန်ခဲ့သလို လက်စွမ်းပိုင်းကိုပါ အားမရတော့တာကြောင့် ဈေးကွက်အတွင်းမှာပဲ ရောင်းချသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Photo Credit : The Sun
အမေရိကန် လက်ရွေးစင် ဂိုးသမား စတက်ဖန်ရဲ့ လက်စွမ်းတွေကို သဘောမကျတော့တဲ့ မန်စီးတီးအသင်းဟာ စတက်ဖန်နေရာအတွက် မထင်မရှား ဂိုးသမား အော်တီဂါကို အစားထိုးဖို့အတွက် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လတ်တလော အပြောင်းအရွှေ့သတင်း အကျော်အမော် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းအနေနဲ့ အော်တီဂါကို ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီချက် ရယူနိုင်ခဲ့ပြီလို့ ဖော်ပြခဲ့သလို စီးတီးဘုတ်အဖွဲ့ဝင်တွေကလည်း အသင်းရဲ့ ဂိုးသမား စတက်ဖန်ကိုလည်း အသင်းကနေ အလျင်အမြန် ရှင်းထုတ်သွားနိုင်ဖို့ပါ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ ဂိုးသမား အော်တီဂါဟာ ဂျာမနီဂိုးသမားတစ်ဦး ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိတော့ လက်ရွေးစင်ကိုယ်စားပြုအတွက် ကစားခွင့်မရခဲ့သေးပေမယ့် သူရဲ့ အာမီးနီးယားအသင်းအတွက်ကိုတော့ ၂၀၁၇ခုနှစ်ကတည်းက အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် ပွဲပေါင်း (၁၂၁)ပွဲအထိ ပါဝင်ထားခဲ့ရတာ ဖြစ်သလို အနီးကပ် ဂိုးကန်သွင်းချက်တွေ ကာကွယ်တဲ့နေရာမှာ အားကောင်းသူဖြစ်ပြီ Kicker ရဲ့ ဘွန်ဒစ်လီဂါ ဒုတိယမြောက် အကောင်းဆုံး ဂိုးသမားလို့ပါ သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။