မန်ချက်စတာ စီးတီးအသင်းဟာ လေဗာကူဆင်ရဲ့ ထွန်းတောက်နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန် ဝါ့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေဟာ အသင်းဘက်က သတ်မှတ်ထားတာထက် အလွန်အမင်း မြင့်မားနေတာကြောင့် အခုအခါမှာတော့ ဒီအပြောင်းအရွှေ့ကနေ နုတ်ထွက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီရာသီမှာ လေဗာကူဆင်အသင်းနဲ့အတူ ပြိုင်ပွဲစုံ (၄၆)ပွဲ ပါဝင်ကစားထားပြီး (၁၆)ဂိုးသွင်း ဂိုးဖန်တီးမှု (၁၅)ကြိမ် ပြုလုပ်ပြထားနိုင်တဲ့ အသက်(၂၂)နှစ်အရွယ် ဂျာမန်လက်ရွေးစင်ကြယ်ပွင့်လေး ဝါ့ဇ်ကို မန်စီးတီးအပြင် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း အပြိုင်အဆိုင် ခေါ်ယူချင်နေကြတာပါ။
Photo Credit : Goal
BBC သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဝါ့ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ကုန်ကျစရိတ်ဟာ မန်စီးတီးအသင်းအတွက် လက်လှမ်းမမီလောက်အောင် များပြားနေတာပေမယ့်လည်း လီဗာပူးလ်အသင်းကတော့ ဝါ့ဇ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေတောင် ပြုလုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ အခု မန်စီးတီးဘက်က လက်ရှောင်လိုက်တာဟာ လီဗာပူးလ်အတွက် ဝါ့ဇ်ကို ခေါ်ယူနိုင်ရေးမှာ ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။
သတင်းတွေမှာ ဖော်ပြချက်အရ ဖလော်ရီယန် ဝါ့ဇ်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ကြေးနဲ့ လုပ်ခလစာတွေအပါအဝင် စုစုပေါင်း ယူရိုသန်း(၃၀၀)အထိ ကုန်ကျနိုင်ပြီး ဒါဟာ မန်စီးတီးအသင်းသမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ပြောင်းရွှေ့မှု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဝါ့ဇ်ဟာ ဥရောပရဲ့ ထိပ်တန်းလူငယ်ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်တို့နဲ့လည်း သတင်းတွေ ထွက်နေပေမယ့် မန်စီးတီးအသင်းကတော့ ဒီအပြောင်းအရွှေ့အတွက် ကုန်ကျစရိတ်ဟာ အဆမတန် မြင့်တက်နေတယ်လို့ ယူဆနေပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Photo Credit : Sky Sports
ဝါ့ဇ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်တဲ့ မန်စီးတီးအသင်းဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်ကစားသမားသစ်တစ်ဦးကို ဈေးကွက်ထဲမှာ ဆက်လက် ရှာဖွေသွားမှာဖြစ်ပြီး နည်းပြ ပက် ဂွါဒီယိုလာကတော့ နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက ပေါင်သန်း (၁၈၀) အသုံးပြုခဲ့ပေမယ့် အခုနွေရာသီမှာလည်း ငွေကြေးထပ်မံသုံးစွဲဖို့ ရှိနေပြန်ပါတယ်။
စပိန်လူမျိုးနည်းပြကြီး ဂွါဒီယိုလာအနေနဲ့ ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ သူ့အသင်းကို ပြန်လည်အားဖြည့်ဖို့ လိုအပ်နေတယ်လို့ ခံစားနေရမှာဖြစ်ပြီး လာမယ့်လတွေအတွင်း ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ပွဲဆက်များပြားခဲ့တဲ့ ရာသီအပြီးမှာ ကစားသမားတွေကို အလှည့်ကျအသုံးပြုနိုင်ဖို့ ပြင်ဆင်ရဖွယ်ရှိနေပါတယ်။