မန်ချက်စတာ စီးတီးအသင်းဟာ ပေါ်တိုအသင်းရဲ့ ဂိုးသမား ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းထက် လက်ဦးမှု ရယူသွားနိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

မန်ချက်စတာမြို့ခံ နှစ်သင်းလုံးဟာ ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ဒီယိုဂို ကော်စတာကို အလိုရှိနေကြပေမယ့် ယူနိုက်တက်ဘက်က ဒီဂိုးသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးအတိုင်း ပေးချေပြီး ခေါ်ယူသွားဖို့ ဆန္ဒမရှိတာကြောင့် မန်စီးတီးက နှာတစ်ဖျားသာတဲ့ အခြေအနေဆီ ရောက်သွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အိုးလ်ထရက်ဖို့ဒ် တာဝန်ရှိသူတွေဟာ အသက်(၂၅)နှစ်အရွယ် ကော်စတာရဲ့ စာချုပ်ပါ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၄)သန်းကြောင့် ဒီအပြောင်းအရွှေ့ကို လက်လျှော့ရဖို့သာ ရှိနေပါတယ်။ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က အသင်းမှာ အမှားအယွင်းများနေတဲ့ ဂိုးသမား အိုနာနာ နေရာအတွက် အစားထိုးလိုပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ကော်စတာကို ခေါ်ယူဖို့ ခက်ခဲနေရပါတယ်။

အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာ ဂျင်မ် ရက်ကလစ်ဖ်ဟာ အသင်းမှာ ဝန်ထမ်းလျှော့ချတာတွေ သာမန်ဝန်ထမ်းတွေအတွက် အခမဲ့ နေ့လည်စာလိုမျိုး ခံစားခွင့်တွေကို ဖြတ်တောက်တာတွေ အပါအဝင် ကုန်ကျစရိတ်တွေကို သိသိသာသာ လျှော့ချဖို့ လုပ်ဆောင်နေတာကြောင့် ပြောင်းရွှေ့ကြေး မြင့်မားတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လက်တွန့်နေရတာ ဖြစ်ပါတယ်။

Photo Credit : Caught Offside

ဒါပေမယ့် ငွေကြေးအင်အား တောင့်တင်းတဲ့ မန်စီးတီးအသင်းမှာတော့ နည်းပြ ဂွါဒီယိုလာက အသင်းကို ရာသီကုန်မှာ အဓိက ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဂိုးသမား ကော်စတာကို အီတီဟတ်ကွင်းဆီ ခေါ်ဆောင်လာဖို့ ဆွေးနွေးမှုတွေ ကောင်းကောင်းမွန်မွန် ဖြစ်နေပြီလို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအသင်းမှာ စာချုပ်တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ ဂိုးသမား အီဒါဆန်ရဲ့ အနာဂတ် မရေရာမှုအပြင် အရန်ဂိုးသမား စတက်ဖန် အော်တေဂါပါ အသင်းက ထွက်ခွာသွားနိုင်ခြေလည်း ရှိနေတာကြောင့် ဒီနွေမှာ ဂိုးသမားသစ်တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ အသင်းရဲ့ ဂိုးပေါက်မှာ အဓိက တာဝန်ယူနိုင်မယ့် ဂိုးသမားအဖြစ် ဒီယိုဂို ကော်စတာကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဂိုးသမားနှစ်ဦးလုံး လက်လွတ်ရမယ်ဆိုရင်တော့ ကော်စတာအပြင် နောက်ထပ် ဂိုးသမားတစ်ဦးကိုပါ ကြိုးပမ်းလာနိုင်ပါတယ်။