ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ တဦး ဖြစ်သူ အဲရစ်ဆင်ကို စာချုပ်သစ် ထပ်ချုပ်မယ့်အစား ရာသီကုန်မှာ ရောင်းချဖို့ စဉ်းစားထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပြခဲ့ပါတယ်။

Photo Credit: Team Talk

အဲရစ်ဆင်က တိုက်စစ်အားသန် ကွင်းလယ်လူ တဦး ဖြစ်တာကြောင့် သူ့ရဲ့ အကွက်မြင်မှု ၊ ဘောလုံးပေးပို့မှုနဲ့ ဂိုးဖန်တီးနိုင်စွမ်းတို့ မြင့်မားပေမယ့် သူ့ရဲ့ နှလုံးကျန်းမာရေးကြောင့် ပွဲချိန်ပြည့် ဝင်ကစားဖို့ မလွယ်တော့သလို မြန်နှုန်းမြင့် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် ကစားရရင်လည်း ရုန်းကန်ရလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီမှာ အဲရစ်ဆင်အစား လုပ်အားနှုန်း ပိုမို ကောင်းမွန်တဲ့ တော်မီနေး ၊ ကိုဘီ မိုင်နူး စတဲ့ ကွင်းလယ်လူတွေကိုသာ ထုတ်သုံးနေပြီး အဲရစ်ဆင်ကတော့ ဘောလုံးကို ထိန်းချုပ် ကစားရမယ့် အချိန်မျိုးမှသာ ဝင်ကစားခွင့် ရနေပါတယ်။

Photo Credit: Goal

အဲရစ်ဆင်ကတော့ အရန် ကစားသမား အဖြစ်သာ ကစားခွင့် ရနေတဲ့ အပေါ် မပျော်မရွှင် ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက် ၄-၃ လီဗာပူး ပွဲအပြီးမှာ သူက ယခင်ထက် ပိုပြီး ပွဲထွက်ခွင့် လိုချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ အဲရစ်ဆင်က ပွဲထွက်ခွင့်တွေ ပိုမို လိုချင်နေပေမယ့် ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ဘရူနို ၊ မိုင်နူး ၊ ကတ်စ်မဲရိုးတို့ရဲ့ ကွင်းလယ်အတွဲကိုသာ ဆက်လက် သုံးစွဲဖို့ ဆုံးဖြတ်ထားသလို ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်လို့ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insiderရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ အဲရစ်ဆင်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ရောင်းချဖို့ စဉ်းစားထားပြီး အဲရစ်ဆင်ကတော့ သူ့ရဲ့ အနာဂတ် အတွက် တိကျတဲ့ ဆုံးဖြတ်ချက်ကို မချရသေးဘူးလို့ သိရှိရပါတယ်။