ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်က သူတို့အသင်းဟာ လာမယ့် နွေဈေးကွက်မှာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကို စွန့်ခွာတော့မယ့် အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၇၁နှစ် အရွယ် ဗြိတိန်ဘီလီယံနာ ဆာ ဂျင် ရက်ကလစ်ဖ်က ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးသူကြွယ် ၅ဦး စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့ကာ မကြာသေးမီကမှ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုဆီ ကနေ ပြန်လည် ဝယ်ယူခဲ့သူပါ။

Photo Credit: Goal

 ဆာ ဂျင် ရက်ကလစ်ဖ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပေမယ့် ဂလေဇာမိသားစုနဲ့ သဘောတူညီမှု ရယူကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘောလုံးရေးရာ စီမံခန့်ခွဲခွင့်ကို လွှဲယူခဲ့ပြီး သူ ပိုင်ဆိုင်တဲ့ INEOSကုမ္ပဏီက လာမယ့် နွေဈေးကွက်မှ စတင်ကာ ယူနိုက်တက်ရဲ့ ကိစ္စအဝဝကို စီမံတော့မှာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက သူ့ရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သစ် မချုပ်တော့ပဲ လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။

 

Photo Credit: Team Talk

လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ကိုင်လီယန် အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကလည်း အမ်ဘာပေကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကပါ အမ်ဘာပေကို ခေါ်ယူမယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်ကတော့ သူဟာ အမ်ဘာပေကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ ဆိုလာပါတယ်။ ဆာ ဂျင် ရက်ကလစ်ဖ်က – “အမ်ဘာပေက ယူနိုက်တက်ဆီ ရောက်လာနိုင်မလား။ ကျွန်တော်ကတော့ အောင်မြင်မှုတွေကို ငွေကြေးနဲ့ ဝယ်ယူဖို့ထက် အမ်ဘာပေအသစ်ကို ရှာဖွေဖို့ပဲ ပိုစိတ်ဝင်စားပါတယ်။ အခုချိန်မှာ အမ်ဘာပေကို ခေါ်လိုက်တာက ကောင်းမွန်တဲ့ လုပ်ရပ် တခု မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။