ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာသာ သူတို့ရဲ့ ဗဟိုခံစစ်မှူး ဗာရန်းကို လက်လွှတ်ခဲ့ရမယ် ဆိုရင် ဗာရန်းရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် နိုက်စ်ခံစစ်မှူး တိုဒီဘိုကို ပြန်လည် ခေါ်ယူရန် စဉ်းစားထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗဟိုခံစစ်ပိုင်းမှာ မာတီနက်ဇ် ၊ ဗာရန်း ၊ မက်ဂွိုင်းယား ၊ အီဗန် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် အီဗန်က အသက်အရွယ်ကြောင့် အရန် ကစားသမား အဖြစ်သာ သုံးလို့ ရတော့သလို မာတီနက်ဇ်နဲ့ ဗာရန်းတို့ရဲ့ ကြံ့ခိုင်မှု အနေအထားကလည်း အားရစရာ မကောင်းပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ခြေစွမ်းကောင်းပေမယ့် မကြာခဏ ဒဏ်ရာရနေတဲ့ ဗာရန်းကို ရောင်းထုတ်ကာ အားကိုးရမယ့် ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ စဉ်းစားနေကြပြီး ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖွယ် ရှိပါတယ်။

တဖက်မှာလည်း ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဗာရန်းက နောက်ပိုင်းပွဲတွေမှာ အရန် ကစားသမား အဖြစ်သာ ပါဝင် ကစားခွင့် ရနေတာကြောင့် လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ အသင်းပြောင်းဖို့ စတင် စဉ်းစားနေပြီး ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ် ဝီလာရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဗာရန်းကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို မန်ချက်စတာ ယူနိုက်တက်ဘက်က ဗာရန်းအတွက် တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းကိုလည်း ပေးချေဖို့ အဆင်သင့် ရှိနေပေမယ့် ဗာရန်းဟာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းချင်ရင် လုပ်ခလစာ လျှော့ယူရမယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆာမီ မုတ်ခ်ဘယ်ကလည်း ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာဖွယ် ရှိနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်က ဗာရန်းကို ရောင်းချဖြစ်ခဲ့ရင် ပြင်သစ်ကလပ် နိုက်စ်ရဲ့ အဓိက ဗဟိုနောက်ခံလူ တိုဒီဘိုကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူဖို့ ကြံစည်ထားတယ်လို့ ဖော်ပြထားပါတယ်။