ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ်အနေနဲ့ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မူခိုခိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ ရိုနယ်ဒို ၊ မာရှယ် ၊ ရက်ဖို့ဒ်တို့လို တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရိုနယ်ဒိုနဲ့ မာရှယ်တို့ နှစ်ဦးထဲကသာ အထောင်တိုက်စစ်မှူး ဆော့နိုင်သလို ရိုနယ်ဒိုကလည်း အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ပေးနိုင်မယ့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေတာပါ။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမနီ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မူခိုခိုက ဟာလန်း မရှိတော့တဲ့ ဒေါ့မွန်ရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားနေရသူ ဖြစ်ပြီး မူခိုခိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

မူခိုခိုရဲ့ စွမ်းဆောင်ရည်က ဆယ်ကျော်သက် တိုက်စစ်မှူး တဦး အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်မျိုး ဖြစ်ပြီး မူခိုခို တယောက် အခုလိုမျိုး ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အင်အားကြီးအသင်း တချို့က မူခိုခိုကို ခေါ်ယူဖို့ စောင့်ကြည့်လာကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Sports Bildရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် မူခိုခိုကို လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်က မူခိုခို အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင် အထိ သုံးစွဲဖို့ အဆင်သင့် ပြင်ထားကြောင်း သိရပါတယ်။

မူခိုခိုနဲ့ ဒေါ့မွန်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ကုန်ဆုံးဖို့ ရှိနေတာကြောင့် အကယ်၍ မူခိုခိုကသာ ဒေါ့မွန်နဲ့ စာချုပ်သစ် မချုပ်ဆိုဖြစ်ရင် မန်ချက်စတာ ယူနိုက်တက်က သူ့ကို လာမယ့် နွေဈေးကွက် အတွင်းမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ယူနိုက်တက်က တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ မူခိုခိုကို ခေါ်ယူချင်နေတာကြောင့် ဆောင်းဈေးကွက်မှာပဲ မူခိုခိုကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။