ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro Sportsက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ် ၊ အန်တိုနီ ၊ ဆန်ချို ၊ ဟွိုက်လန်း ၊ မာရှယ် ၊ ဂါနာချို ၊ ပယ်လစ္စထရီ စတဲ့ ကစားသမား အများအပြားကို ပိုင်ဆိုင်ထားပေမယ့် အထောင်တိုက်စစ်မှာ ကစားနိုင်တဲ့ တိုက်စစ်မှူးဟာ ဟွိုက်လန်းနဲ့ မာရှယ်တို့ နှစ်ဦးထဲသာ ရှိပါတယ်။

Photo Credit: Football Italia

အထောင်တိုက်စစ်မှူး ၂ဦးထဲသာ ရှိချိန်မှာ ဟွိုက်လန်းက ဒဏ်ရာပြဿနာကြောင့် ပွဲတိုင်းနီးပါး ကစားဖို့ ရုန်းကန်နေရသလို မာရှယ်ကလည်း ဒဏ်ရာလူသား ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူး ၁ဦးကို ခေါ်ယူချင်နေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း အရည်အသွေး ရှိကာ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၃၀ အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ရိုးမားနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၁.၃သန်းပဲ (အီတလီပြင်ပကလပ်တွေ အတွက်သာ) ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metroရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က စာချုပ်ဖျက်သိမ်းကြေး နည်းပါးတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဒိုင်ဘာလာကသာ သူတို့အသင်းဆီ ပြောင်းဖို့ ဆန္ဒရှိမယ် ဆိုရင် မကြာခင်မှာပဲ ဒိုင်ဘာလာ အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။