ကဲ ပရိသတ်ကြီး အားလုံးကို Super Sunday ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ညမှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ဒုတိယမြောက်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ပွဲ ရှိသလို ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ စပါးတို့ရဲ့ ပွဲကြီးပွဲကောင်းလည်း ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့အတူ အဲ့ဒီပွဲ ၂ပွဲကို ရင်ခုန်လိုက်ရအောင်ဗျာ။

Photo Credit: Sky Sports

နယူးကာဆယ်နဲ့ စပါး (ည ၇နာရီခွဲ)

ဒီပွဲကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဘယ်အသင်း ရသွားမလဲ ဆိုတာ အဆုံးအဖြတ် ပေးမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ နယူးကာဆယ်က ရမှတ် ၅၆မှတ်နဲ့ အဆင့်၄နေရာမှာ ရှိနေပြီး စပါးကတော့ ရမှတ် ၅၃မှတ်နဲ့ အဆင့်၅နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်က စပါးထက် ၁ပွဲလျော့နေပါတယ်။

ဒါကြောင့် ဒီပွဲမှာ နယူးကာဆယ်ထက် စပါးက နိုင်ပွဲ ပိုလိုအပ်နေပါတယ်။ နယူးကာဆယ်က ဒီပွဲမှာ အနိုင်ရခဲ့ရင် စပါးကို ၁ပွဲလျော့ အနေအထားနဲ့ ရမှတ် ၆မှတ် အထိ ဖြတ်တောက်နိုင်မှာ ဖြစ်တာကြောင့် ငှက်ကျားတွေက ပရိသတ်အားနဲ့ စပါးကို အနိုင်ကစားဖို့ ကျိန်းသေ ကြိုးစားပါလိမ့်မယ်။

တဖက်မှာလည်း စပါးက ဒီပွဲမှာသာ ရှုံးနိမ့်သွားခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးကွာသွားဖို့ ရှိနေတာကြောင့် ဒီပွဲမှာ မနိုင်ရင်တောင် မရှုံးနိမ့်အောင် ကြိုးစား ကစားပါလိမ့်မယ်။ လတ်တလော ခြေစွမ်းပိုင်းကို ယှဉ်ကြည့်ရင် နယူးကာဆယ်က စပါးထက် နှာတဖျား သာနေပါတယ်။ ဒါ့အပြင် နယူးကာဆယ်က အိမ်ကွင်းမှာ မန်ယူနဲ့ ချယ်လ်ဆီးတို့ကို အနိုင် ကစားထားသလို မန်ချက်စတာ စီးတီးကိုပါ သရေ ခံကစားထားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် နယူးကာဆယ်ကိုပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – နယူးကာဆယ် ၂-၁ စပါး

Photo Credit: The Analyst

မန်ယူနဲ့ ဘရိုက်တန် (ည ၁၀နာရီ)

ဆီမီးဖိုင်နယ် ပထမပွဲ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ရှက်ဖီးလ် ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက အနိုင်ရခဲ့တာ ဖြစ်လို့ ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင်ရတော့မှာပါ။ ဘရိုက်တန်က ခြေစွမ်းပိုင်း အတော်လေး တိုးတက်လာသလို ဒီနှစ်ထဲမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို ၂ကြိမ် အနိုင်ကစားထားပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲ ၄ခုစလုံးကို အချိန်အတော်ကြာ ယှဉ်ပြိုင်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်က ပွဲဆက်များမှုကြောင့် ဒဏ်ရာရ ကစားသမားတွေ များနေသလို ပွဲပန်းတဲ့ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ ခံစစ်ကြောင်းကလည်း ဗာရန်းနဲ့ မာတီနက်ဇ်တို့ ဒဏ်ရာရနေချိန်မှာ လျော့တိလျော့ရဲ ဖြစ်နေသလို မက်ဂွိုင်းယားကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီနေ့ပွဲကို လွဲချော်ဦးမှာပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ လင်ဒီလော့ဖ် တဦးထဲကပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ဗဟိုခံစစ်မှူး အဖြစ် ရှိနေပါတယ်။

ဘရိုက်တန်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ စပါး ၊ ချယ်လ်ဆီးတို့လို အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် နှစ်ပွဲစလုံးမှာ ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့သလို ချယ်လ်ဆီးကို အဝေးကွင်းမှာပါ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘရိုက်တန်ရဲ့ စိတ်ဓာတ်ပိုင်းက အတက်ဘက်ကို ရောက်နေပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ဖလားပွဲတွေ ရောက်ရင် ရုန်းကစားတတ်ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို လူမစုံမယ့် ခံစစ်ကြောင်းကြောင့် ဒီနေ့ပွဲမှာ ဘရိုက်တန်ကို သာမန် ပွဲကစားချိန် အတွင်းမှာ မရှုံးအောင်ပဲ ဦးတည် ကစားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲဟာ သာမန် ပွဲကစားချိန် အတွင်းမှာ သရေကျပြီး အချိန်ပို ဆက်ကစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – ဘရိုက်တန် ၁-၁ မန်ချက်စတာ ယူနိုက်တက်