ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ခရိုအေးရှား ထိပ်သီးအသင်း ဖြစ်တဲ့ ဒိုင်နမို ဇာဂရက်ဘ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ နံပါတ်တစ် ဂိုးသမားလည်း ဖြစ်တဲ့ လီဗာကိုဗစ်ကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူရန် ကြိုးစားနေကြောင်း ခရိုအေးရှား အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂိုးသမားနေရာမှာ လက်ရှိ နံပါတ်တစ် ဂိုးသမား ဒီဂီယာ ၊ အသင်းရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ဟန်ဒါဆန်တို့ကို ပိုင်ဆိုင်ထားပေမယ့် ဟန်ဒါဆန်က နံပါတ်တစ် ဂိုးသမားနေရာ အတွက် အသင်းပြောင်းဖို့ အလားအလာ များနေတာကြောင့် ဒီဂီယာနဲ့ အပြိုင် နေရာယှဉ်လုမယ့် ဂိုးသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၂၈နှစ် အရွယ် လီဗာကိုဗစ်က ဒိုင်နမို ဇာဂရက်ဘ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားရသူ ဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခရိုအေးရှားနဲ့အတူ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်ဆုတွေ ရခဲ့တဲ့ ဂိုးသမားကောင်း တဦးပါ။

လီဗာကိုဗစ်က ယူနိုက်တက်နည်းပြ တန်ဟက်ဂ် လိုချင်တဲ့အတိုင်း Sweeper Keeper အဖြစ် ကစားနိုင်စွမ်း ရှိသလို သူ့ရဲ့ ဂိုးပေါက် ကာကွယ်နိုင်စွမ်းနဲ့ ပင်နယ်တီ ကာကွယ်နိုင်စွမ်းတို့ကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသက်အရွယ်အရရော ၊ လက်စွမ်းအရပါ အကောင်းဆုံး ပုံစံမှာ ရှိနေတဲ့ လီဗာကိုဗစ်ကို အသင်းရဲ့ ဒုတိယ ဂိုးသမား အဖြစ် တာဝန်ပေးဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး လီဗာကိုဗစ်ကလည်း ဒိုင်နမို ဇာဂရက်ဘ်ကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

နာမည်ကြီး ခရိုအေးရှား သတင်းဌာန တခု ဖြစ်တဲ့ ဂျူတာအန်ဂျီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ လီဗာကိုဗစ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး လီဗာကိုဗစ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားသလို ယူနိုက်တက်ကလည်း လီဗာကိုဗစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၁၀သန်းကို ပေးချေဖို့ ဆုံးဖြတ်ထားတာကြောင့် မကြာခင်မှာပဲ လီဗာကိုဗစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။