ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယနေ့ညနေပိုင်းမှာပဲ သူတို့ရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဟယ်ရီ မက်ဂွဲယားကို လန်ဒန်အခြေစိုက်ကလပ် ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့ပြီးနောက် ပြည်တွင်းပြိုင်ဘက် စပါးရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ တပ်ဆိုဘားကို ကြားဖြတ် ခေါ်ယူရန် ကြိုးစားနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဆမ်မြူရယ် လက်ဟော့စ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်စတာ စီးတီး ကနေ သူတို့အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၈၀သန်းနဲ့ ရောက်ရှိလာတဲ့ အင်္ဂလန် ဗဟိုနောက်ခံလူ မက်ဂွဲယားကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဝက်စ်ဟမ်းထံ ရောင်းချဖို့ သဘောတူခဲ့ပြီး ဝက်စ်ဟမ်းက မက်ဂွဲယားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိရုံနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပါ။

Photo Credit: Standard

မက်ဂွဲယားသာ ထွက်သွားရင် မန်ချက်စတာ ယူနိုက်တက်မှာ မာတီနက်ဇ် ၊ ဗာရန်း ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုခံစစ်မှူး ၃ဦးသာ ကျန်တော့မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က မက်ဂွိုင်းယားရဲ့ နေရာကို အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးနဲ့ အစားထိုးချင်နေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က နိုက်စ်ဗဟိုခံစစ်မှူး တော်ဒီဘိုးနဲ့ လေဗာကူဆင် ဗဟိုခံစစ်မှူး တပ်ဆိုဘားတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် လက်ဟော့စ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က တပ်ဆိုဘားကို ဦးစားပေးပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Standard

ဆမ်မြူရယ် လက်ဟော့စ်က မန်ချက်စတာ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ရောင်းချဖို့ သဘောတူပြီးနောက် စပါးရဲ့ ပစ်မှတ် ဖြစ်သူ တပ်ဆိုဘားကို ခေါ်ယူဖို့ ကြိုးစားနေပြီး ယူနိုက်တက်ဟာ အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ထားတဲ့ ဝါရင့် ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန်ကို စာချုပ်သက်တမ်း တိုးနိုင်ပေမယ့် ဗဟိုခံစစ်မှူးသစ် တဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အပြင် စပါးကပါ အသက် ၂၄နှစ် အရွယ် ဘာကီနာဖာဆို လက်ရွေးစင် ဗဟိုနောက်ခံလူ တပ်ဆိုဘားကို ခေါ်ယူဖို့ ကြိုးစားနေပြီး လေဗာကူဆင်ကတော့ သူတို့ရဲ့ ဗဟိုခံစစ်မှူး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။