မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေဈေးကွက်အတွင်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ လိုအပ်နေပြီး အိုဆင်မန် ဟာရီကိန်းတို့လို တိုက်စစ်မှူးတွေနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေသလို ယခင်ကတည်းက ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပေါ်လိုဒီဘားလားနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလတွေ ထပ်မံ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : CGTN

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်လိုက်ရချိန်မှာ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကို အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပေမယ့် ဗက်ဟို့စ်က လက်ရှိအချိန်ထိ သွင်းဂိုးတစ်ဂိုးတည်းသာ သွင်းယူထားနိုင်သလို မာရှယ်ကလည်း ဒဏ်ရာတွေနဲ့ လုံးလည်ချာလည် လိုက်နေရတာဖြစ်လို့ မာရှယ်ကိုပါ ရောင်းချဖို့အထိ စီစဉ်လာခဲ့တာကြောင့် မန်ယူနိုက်တက်အနေနဲ့ တိုက်စစ်ကစားသမား (၂)ဦးလောက်အထိ ခေါ်ယူဖို့ လိုအပ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

မန်ယူနိုက်တက်နဲ့ သတင်းထွက်နေရတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာအိုဆင်မန် စပါး တိုက်စစ်မှူး ဟာရီကိန်းတို့ ပါဝင်နေကြပေမယ့် ဒီကစားသမားတွေထက် ပြောင်းရွှေ့ကြေး သက်သာနိုင်မယ့် တိုက်စစ်ကစားသမားတစ်ဦးနဲ့လည်း သတင်းထွက်လာခဲ့ရပါတယ်။ သူကတော့ ရိုးမား တိုက်စစ်ကစားသမား ဒီဘားလားပါ။ ဒီဘားလားက ဒီရာသီကမှ ဂျုဗင်တပ်စ်ကနေ ရိုးမားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီအတွင်း ရိုးမားအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၀) ကစားထားခဲ့ရာ (၁၀)ဂိုး သွင်းယူ (၇)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ရိုးမားအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့သူ ဒီဘားလားဟာ ရိုးမားနဲ့လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့်လည်း သူရဲ့ စာချုပ်ဖျက်သိမ်းကြေးက ထင်မထားရလောက်အောင် နည်းပါးလွန်းနေပြီး ပေါင်(၁၀.၇)သန်းသာ ရှိနေပါတယ်။ ဒီပမာဏကြောင့် မန်ယူနိုက်တက်က ဒီဘားလားကို ခေါ်ယူဖို့ ဆန္ဒရှိလာခဲ့ရတာ ဆိုပေမယ့်လည်း ဒီဘားလားက အထောင်တိုက်စစ်နေရာထက် နောက်ချန်တိုက်စစ်နေရာ ညာခြမ်းနေရာတွေမှာ ပိုကစားတတ်သူဖြစ်တဲ့အပြင် ဒဏ်ရာ မကြာခဏ ရရှိတတ်သူလည်း ဖြစ်တာကြောင့် အသေအချာ ကမ်းလှမ်းလာဖို့ မသေချာနိုင်တော့သလို ရိုးမားကလည်း သူတို့ရဲ့ main player ဖြစ်သူ ဒီဘားလားကို ရောင်းချဖို့ထက် အသင်းမှာသာ ဆက်ထားဖွယ်သာ ရှိနေပါတယ်။