ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညပိုင်းမှာ သူတို့အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာရန်းနဲ့ ရာသီကုန်ချိန်မှာ လမ်းခွဲတော့မယ်လို့ တရားဝင် ကြေညာပြီးနောက် ဖူလ်ဟမ်ကနေ ထွက်ခွာမယ့် အင်္ဂလန်ခံစစ်မှူး အဒါရာဘီအိုယိုကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်ကြောင်းမှာ ဗာရန်း ၊ မာတီနက်ဇ် ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ အီဗန်စ် ၊ ကမ်ဘွာလာ စတဲ့ ဗဟိုခံစစ်မှူး ၆ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဒီရာသီမှာ ဗဟိုခံစစ်မှူး အားလုံးက မကြာခဏ ဒဏ်ရာရနေတာကြောင့် လာမယ့် နွေဈေးကွက်မှာ ခံစစ်ကြောင်း တခုလုံးကို အပြောင်းအလဲ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း တခုလုံးကို မြေလှန်ပစ်မယ့် စီမံကိန်းရဲ့ ပထမခြေလှမ်း အဖြစ် အသင်းရဲ့ ဒုတိယမြောက် လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်ပေမယ့် မကြာခဏ ဒဏ်ရာရတတ်တဲ့ ဗာရန်းကို စာချုပ်သစ် မချုပ်ပဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ ဆုံးဖြတ်ခဲ့သလို လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား ၊ အီဗန်စ် စတဲ့ ကစားသမားတွေကိုလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းခွင့် ပေးထားပါတယ်။

ဗာရန်း ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ်နဲ့ အီဗန်စ် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးစလုံးကို ရှင်းထုတ်ဖို့ ဆုံးဖြတ်ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ဗဟိုခံစစ်မှူး ၁ဦး ၊ အသင့်သုံး ဗဟိုခံစစ်မှူး ၁ဦးနဲ့ လူငယ်ခံစစ်မှူး ၁ဦးတို့ကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားထားပြီး ယူနိုက်တက်က အသင့်သုံး ဗဟိုခံစစ်မှူး အဖြစ် အဒါရာဘီအိုယိုကို ခေါ်ယူချင်နေပါတယ်။

Photo Credit: ESPN

အသက် ၂၆နှစ် အရွယ် အင်္ဂလန် ဗဟိုနောက်ခံလူ အဒါရာဘီအိုယိုက မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ခံစစ်မှူး တဦး ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှာ မန်ချက်စတာ စီးတီး ကနေ ဖူလ်ဟမ်ထံ ပြောင်းရွှေ့လာပြီးနောက် ဖူလ်ဟမ်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားနေနိုင်ကာ သူဟာ ၄နှစ်တာ ကာလအတွင်းမှာ ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံမှာ ၁၃၂ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အခိုင်အမာ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဗာရန်းကို လက်လွှတ်ဖို့ ဆုံးဖြတ်ပြီးနောက် အလွတ်နဲ့ ပြန်လည် ခေါ်ယူနိုင်မယ့် အဒါရာဘီအိုယိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး လက်ရှိမှာ နယူးကာဆယ်နဲ့ အေစီမီလန်တို့ကလည်း အဒါရာဘီအိုယိုကို ခေါ်ယူဖို့ ကြိုးစားနေကြပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူအသစ် ဝီလ်ကော့ရှ်က အဒါရာဘီအိုယိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အဒါရာဘီအိုယိုကို ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနေကြောင်း သိရှိရပါတယ်။