ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က စီးရီးအေ ထိပ်သီးကလပ် နာပိုလီနဲ့အတူ တောက်ပနေတဲ့ ဂျော်ဂျီယာကြယ်ပွင့် ခွာဗရက်စခီလီယာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေသလို ခွာဗရက်စခီလီယာရဲ့ ခြေစွမ်းကို အနီးကပ် အကဲခတ်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခွာဗရက်စခီလီယာက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံး အသုံးပြုနိုင်တဲ့ ရှားပါး တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက အလိမ်အခေါက် ကောင်းသလို ဖန်တီးနိုင်စွမ်းလည်း မြင့်မားပါတယ်။

Photo Credit: Mirror

ခွာဗရက်စခီလီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျော်ဂျီယာကလပ် ဘာတူမီ ကနေ နာပိုလီထံ ပြောင်းရွှေ့လာပြီးနောက် သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့သလို အိုဆီမန်နဲ့ အကောင်းဆုံး တွဲဖက်ကာ နာပိုလီကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ခွာဗရက်စခီလီယာက နာပိုလီရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး သူက နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

Photo Credit: Football 365

ခွာဗရက်စခီလီယာက ကစားပုံ ထူးခြားသလို ပြိုင်ဘက်ခံစစ်ကြောင်းကို အချိန်မရွေး အန္တရာယ် ပေးနိုင်တဲ့ တိုက်စစ် ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးအသင်း အတော်များများက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ခွာဗရက်စခီလီယာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို ယူနိုက်တက်ရဲ့ ကင်းထောက် တယောက်က ယမန်နေ့မှာ ကစားခဲ့တဲ့ စပိန် ၃-၁ ဂျော်ဂျီယာ ပွဲစဉ်ကို တက်ရောက် ကြည့်ရှုကာ ခွာဗရက်စခီလီယာရဲ့ ခြေစွမ်းကို စောင့်ကြည့် အကဲခတ်ခဲ့ကြောင်း သိရှိရပါတယ်။