ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ ဒေါ့မွန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဘယ်လင်ဟမ်ကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဒေါ့မွန်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းတို့ကြောင့်ပဲ ဒေါ့မွန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ရာထူးကို ရရှိထားပါတယ်။

Photo Credit: Mirror

ဘယ်လင်ဟမ်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ Box to Box ကွင်းလယ်လူ အဖြစ် ကစားနိုင်စွမ်း ရှိပြီး ဘောလုံးစွမ်းရည် မြင့်မားသလို ကြံ့ခိုင်မှုကလည်း ထိပ်တန်းအဆင့်မှာ ရှိတာကြောင့် လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

ဘယ်လင်ဟမ်က ဒေါ့မွန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ဂျာမန်ဖလား တလုံးလည်း ရရှိထားပေမယ့် သူ့ရဲ့ ကစားသမားဘဝ အတွက် လာမယ့် ၂၀၂၃ခုနှစ် နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ဒေါ့မွန်ကလည်း ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းသာ ရရှိမယ် ဆိုရင် ဘယ်လင်ဟမ်ကို လက်လွှတ်ဖို့ စီစဉ်ထားပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ကွင်းလယ်ပိုင်းမှာ အားနည်းချက် တချို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က အင်္ဂလန်သား တဦး ဖြစ်တဲ့ ဘယ်လင်ဟမ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း အထိ ပေးချေဖို့ လိုလားနေသလို ဘယ်လင်ဟမ်ကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်တွေထဲက တဦး အဖြစ် သတ်မှတ်ထားကြောင်း ပလက်တန်ဘက်က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ယာဂင် ကလော့ပ် ရှိနေတဲ့ လီဗာပူးက ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး ကလော့ပ်နဲ့ ဘယ်လင်ဟမ်တို့ရဲ့ ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေသလို လီဗာပူးကလည်း ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ပလက်တန်ဘက်က ထပ်မံ ဖော်ပြထားပါတယ်။