ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် ရော့ဘ်ဆန် ဟားဝုဒ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် စပိန်ဝါရင့် ဂိုးသမား ဒေးဗစ် ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို ၁၂နှစ်ကြာ တာဝန်ယူ စောင့်ရှောက်ခဲ့သူ ဖြစ်ပြီး ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလားပေါင်း ၈လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Caught Offside

ဒေးဗစ် ဒီဂီယာက နောက်ဆုံး ၁၂နှစ်လုံးလုံး မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ဒီဂီယာကို သဘောမကျပဲ အသင်းဘက်က ဒီဂီယာကို ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကိုလည်း ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီဂီယာတို့ရဲ့ လက်ရှိစာချုပ်က ယနေ့ညမှာ ကုန်ဆုံးဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဇူလိုင်လ ၁ရက်နေ့မတိုင်ခင်မှာ ဒီဂီယာကို စာချုပ်သစ် မချုပ်ဆိုခဲ့ရင် ဒီဂီယာဟာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်သွားဖို့ ရှိနေပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီဂီယာကို စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အင်တာမီလန်မှာ လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ သူ့ရဲ့ တပည့်ဟောင်း အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အင်တာမီလန်ကလည်း အိုနာနာကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ရော့ဘ်ဆန် ဟားဝုဒ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ယနေ့ညနေမှာပဲ ရယူနိုင်ခဲ့ပြီး အိုနာနာက သူ့ရဲ့ အေးဂျင့်နဲ့ အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆုံးဖြတ်ချက် ချထားကြောင်းကို အသိပေးထားပြီးပြီလို့ သိရပါတယ်။