ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂါနာချိုကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချုပ်သစ် ကမ်းလှမ်းတော့မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုဟာ အထောင်တိုက်စစ် ၊ ဘယ်တောင်ပံတိုက်စစ်နဲ့ ညာတောင်ပံတိုက်စစ်တွေမှာ ကစားနိုင်စွမ်း ရှိတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး မကြာသေးမီကလည်း အာဂျင်တီးနား လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံခဲ့ရပါသေးတယ်။

Photo Credit: Goal

ဂါနာချိုက ၂၀၂၀ခုနှစ်မှာ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ ယူ-၁၆အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အသင်းထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၅သိန်း ပေးချေခဲ့ရပါတယ်။

အသက် ၁၅နှစ် အရွယ် လူငယ် ကစားသမား တဦး အတွက် ပြောင်းရွှေ့ကြေး ယူရို ၅သိန်း ဆိုတဲ့ ပမာဏက အနည်းငယ် များပြားခဲ့ပေမယ့် လက်ရှိမှာတော့ ဂါနာချိုက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပြီး လာမယ့် ဘောလုံးရာသီမှာ ဆိုရင် မန်ချက်စတာ ယူနိုက်တက်က သူအပါအဝင် မက်ချ်ဘရီ ၊ ဟူဂယ်လ် ၊ မက်ဂ်နေး စတဲ့ လူငယ် ကစားသမားတွေကို အသင်းမှာ နေရာပေးဖို့ စီစဉ်နေပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ဂါနာချိုရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဥရောပရဲ့ အသင်းကြီးတွေ ဖြစ်တဲ့ ဂျူဗင်တပ် ၊ ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာ စတဲ့ အသင်းတွေက ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို လက်မလွှတ်ရစေရန် ကာလရှည် စာချုပ်တရပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂါနာချိုကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းဖို့ စီစဉ်နေပြီး ဂါနာချိုကိုလည်း အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။