မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တောင်ပံကစားသမား အာမက် ဒီယာလိုကို ရွံရှာဖွယ်ကောင်းတဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အာမက်ဟာ ပြီးခဲ့တဲ့ စနေနေ့က ချယ်လ်ဆီးအသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့ပြီးနောက်မှာ အသင်းဖော်ဟောင်း အလက်ဟန်ဒရို ဂါနာချိုနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူရဲ့ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ ဒေါသတကြီး တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
Photo Credit : The Sun
အာမက်ဟာ အဆိုပါဓာတ်ပုံထဲမှာ အသင်းဖော်ဟောင်း ဂါနာချိုရဲ့ အပြာရောင် ချယ်လ်ဆီးဂျာစီကို ကိုင်ထားခဲ့ပြီး အာဂျင်တီးနားကစားသမားကလည်း အာမက်ရဲ့ အနီရောင် ယူနိုက်တက်ဂျာစီကို ကိုင်ထားခဲ့တာဖြစ်ပါတယ်။ ဒီပုံဟာ အသင်းနှစ်သင်းကြား ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်အပြီးမှာ တက်လာခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ์ ပရိသတ်အချို့ကြားမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး အွန်လိုင်းပေါ်မှာ တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေရဲ့ တုံ့ပြန်မှုအနေနဲ့ အာမက်ဟာ သူ့ရဲ့ Instagram အကောင့်ပေါ်က ပို့စ်အားလုံးကို ဖျက်ပစ်ခဲ့ပြီး ယူနိုက်တက်အသင်းဘက်ကလည်း တနင်္လာနေ့မှာ ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို မေးမြန်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အာမက်ဟာ “အဆင်ပြေပါတယ်” လို့ ဆိုပေမယ့် ဓာတ်ပုံတင်ခဲ့တဲ့လုပ်ရပ်ကတော့ “ရိုးစင်းလွန်းတယ် (naive)” လို့ အသင်းအတွင်း သုံးသပ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Photo Credit : Sporty
အာမက်နဲ့ ဂါနာချိုတို့ဟာ အေးဂျင့်တူညီကြပြီး ယူနိုက်တက်မှာ အတူတူရှိစဉ်ကတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂါနာချိုဟာ ဒီနွေရာသီမှာမှ ပေါင် သန်း(၄၀)နဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အာမက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ์ ၅ ပွဲ ပါဝင်ကစားထားပြီး ဂိုးဖန်တီးမှု (၁)ကြိမ်သာ ပြုလုပ်ထားပါတယ်။ တစ်ဖက်မှာတော့ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချိုကတော့ သူ့အသင်းသစ်အတွက် ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ တစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိသေးပါတယ်။