ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ်ကို အငှားကြေး ယူရို ၄သန်းနဲ့ တရားဝင် ကမ်းလှမ်းလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် ရိုနယ်ဒိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ရိုနယ်ဒိုရဲ့ နေရာအတွက် တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီတို့ ကြားမှာ ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်က အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဂျာအို ဖီးလစ်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာ အငှားချရန် ဆုံးဖြတ်ခဲ့ပြီး ဂျာအို ဖီးလစ်ကလည်း အက်သလက်တီကို မက်ဒရစ်မှာ မပျော်တော့တာကြောင့် အသင်းပြောင်းခွင့် တောင်းခံထားပါတယ်။

Photo Credit: Goal

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂျာအို ဖီးလစ်ကို ရာသီဝက်အငှားကြေး ယူရို ၄သန်း + ဖီးလစ်ရဲ့ လုပ်ခလစာ အပြည့်ကို ပေးချေပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက် တရပ်ကို အက်သလက်တီကို မက်ဒရစ်ဆီ ပေးပို့ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုထဲမှာ ရာသီကုန်ရင် ဖီးလစ်ကို ဝယ်ယူပါ့မယ် ဆိုတဲ့ အချက်အလက် မပါဝင်ခဲ့ကြောင်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်က ဖီးလစ်အတွက် အငှားကြေး ယူရို ၈သန်း အထိ လိုချင်နေပေမယ့် ဖီးလစ်ကိုယ်တိုင်က အသင်းမှာ မနေချင်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကြောင်း စပိန်အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။