မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရွိုင်ကိန်းက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ သူ့အသင်းဟောင်း ယူနိုက်တက်ဟာ ချန်ပီယံရှစ် ကလပ်အသင်းနဲ့တောင် တူနေပြီလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာ လိဂ်ချန်ပီယံရှစ်က ကိုဗင်ထရီအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး တွမ်မီနေး မက်ဂွိုင်းယား ဖာနန်ဒက်စ်တို့ရဲ့ ဂိုးတွေ (၃)ဂိုးပြတ်အထိ ဦးဆောင်ထားပြီးမှ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရလို့ အချိန်ပိုရော ပင်နယ်တီတွေအထိပါ ဆက်လက် ကစားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ်က နာမည်ကြီး ကလပ်အသင်း ဖြစ်တဲ့အပြင် (၃)ဂိုးပြတ်နဲ့ အပြတ်အသတ်နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးပြီး ပင်နယ်တီမှသာ အနိုင်ယူခဲ့တာက ယူနိုက်တက်အတွက်တော့ အတော်လေး ပြစ်တင် ဝေဖန်ချင်စရာ နိုင်ပွဲမျိုး ဖြစ်သွားခဲ့သလို ရွိုင်ကိန်းကလည်း သူ့အသင်းဟောင်းကို ရှယ်ပလန်နဲ့ ဝေဖန်လာခဲ့ပါတယ်။

“ယူနိုက်တက်က ကံကောင်းပြီး နိုင်ပွဲရသွားခဲ့တာဖြစ်လို့ ကစားသမားတွေနဲ့ အသင်းပရိသတ်တွေက အလွန်အကျွံ ပျော်နိုင်ကြမှာ မဟုတ်ပါဘူး။ ပွဲပြီးဆုံးခါနီးလေးမှာ သူတို့က အရှက်ရလုနီးပါးပါ ဖြစ်သွားခဲ့ရသေးတယ်။”

Photo Credit : centredevils

“ဒီယူနိုက်တက် ကစားသမားကို ကြည့်တဲ့အခါ မြင်တွေ့နေရတာတွေကို တော်တော် သဘောမကျပါဘူး။ အသင်းမှာ ခေါင်းဆောင်နိုင်မယ့်သူတွေလည်း မရှိဘူး။ အခွင့်အရေးတွေကို လက်လွတ်ခံတယ်။ ဂိုးတွေလည်း ခွင့်ပြုတယ်။ အဲ့ဒါတွေကိုလည်း တစ်ရာသီလုံး မြင်တွေ့ခဲ့ရတယ်။ အခုကတော့ သူတို့ ကံကောင်းသွားခဲ့တာ။”

“သူတို့ ကစားသွားတာကို ကြည့်ရတာ တော်တော်ဆိုးဆိုးပဲ။ ယုံတောင်မယုံနိုင်ဘူး။ ကိုဗင်ထရီက ပရီးမီးယားလိဂ်အသင်းလို ကစားပြသွားချိန်မှာ ယူနိုက်တက်ကတော့ ချန်ပီယံရှစ်ကလို အသင်းနဲ့တောင် တူနေတယ်။” လို့ ရွိုင်ကိန်းက ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။