ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟွိုင်လန်းနဲ့အတူ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားနိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားရာ ဗီလာဂိုးသွင်းစက် ဝက်စ်ကင်းဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ဟွိုင်လန်းနဲ့ မာရှယ်တို့ နှစ်ဦးထဲသာ ပိုင်ဆိုင်ထားသလို မာရှယ်ကလည်း ယခုနှစ် ရာသီကုန်ချိန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်တာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး တိုက်စစ်မှူးသစ် ၁ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၈နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး အိုလီ ဝက်စ်ကင်းက ဒီရာသီမှာ ဗီလာနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက ဗီလာအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

အိုလီ ဝက်စ်ကင်းက သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေနဲ့ ဗီလာကို အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခွင့် ရဖို့ ရာခိုင်နှုန်း များနေသလို ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ပင်တိုင်သတင်းထောက် အဲလက်စ် ခရော့စ်ရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ အိုလီ ဝက်စ်ကင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်က အင်္ဂလန်ကြယ်ပွင့် ဝက်စ်ကင်းရဲ့ အမာခံ ပရိသတ် ဖြစ်ကြောင်း သိရှိရပါတယ်။

လက်ရှိမှာ ဝက်စ်ကင်းကို စိတ်ဝင်စားနေတာဟာ သူတို့တသင်းထဲ မဟုတ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ကင်းကို မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် တိုက်စစ်မှူးတွေကိုပါ အဆင်သင့် ရှာဖွေထားပြီး ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေး ၊ စပို့တင်းတိုက်စစ်မှူး ကရော့ကီယက်စ်နဲ့ ဘိုလော့ဂ်နာ လူငယ်ကြယ်ပွင့် ဇက်ဂ်ဇီတို့ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေကြပါတယ်။