ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက် နယ်သာလန် ထိပ်သီးကလပ် ပီအက်စ်ဗွီရဲ့ အဓိက တိုက်စစ် ကစားသမား ဂတ်ပိုကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရွေးချယ်စရာ နည်းပါးနေတဲ့ တိုက်စစ်ပိုင်း အတွက် လက်ကျန် နွေဈေးကွက် အတွင်းမှာ တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ အသင်း ဖြစ်ပြီး သူတို့ရဲ့ အဓိက ပစ်မှတ်ကတော့ အေဂျက်ရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ခေါ်ယူဖို့ ကာလရှည် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သလို အန်တိုနီကလည်း ဆရာရင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိပေမယ့် အေဂျက်ဘက်က အန်တိုနီ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကို မန်ချက်စတာ ယူနိုက်တက်က ပေးချေနိုင်ခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခဲယဉ်းသွားပါပြီ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ နယ်သာလန်ဈေးကွက်ကို ကျွမ်းကျင်တဲ့ အဲရစ် တန်ဟက်ဂ်က အန်တိုနီကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက် အစားထိုး ပစ်မှတ် အဖြစ် ပီအက်စ်ဗွီနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်ကစားသမား ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ပီအက်စ်ဗွီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ရင် ဂတ်ပိုကို လက်လွှတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက အထောင်တိုက်စစ် ၊ ဘယ်တောင်ပံနဲ့ ညာတောင်ပံ စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ပီအက်စ်ဗွီအတွက် ပြိုင်ပွဲစုံမှာ ၁၃၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃၅ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ဂတ်ပိုနဲ့ တန်ဟက်ဂ်တို့ နှစ်ဦးစလုံးဟာ SEG Agencyနဲ့ လက်တွဲထားသူတွေ ဖြစ်ပြီး SEG Agencyရဲ့ တာဝန်ရှိသူ တချို့ကတော့ ဂတ်ပိုကို ခေါ်ယူဖို့ တန်ဟက်ဂ်အား တိုက်တွန်း အကြံပေးထားကြကြောင်းလည်း SEG Agencyနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။