ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက်မှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ်ခံစစ်မှူး ဖာရီကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်ကြောင်းမှာ မာတီနက်ဇ် ၊ ဗာရန်း ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် မာတီနက်ဇ်နဲ့ ဗာရန်းတို့က မကြာခဏ ဒဏ်ရာတွေ ရတတ်သလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အနာဂတ်ကလည်း မရေရာသေးပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ အနည်းဆုံး ဗဟိုနောက်ခံလူ ၁ဦး ခေါ်ယူဖို့ စီစဉ်ထားပြီး လက်ရှိမှာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ဥရောပ တလွှားမှာ ရှိတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူးတွေနဲ့ တက်သစ်စ ဗဟိုခံစစ်မှူးတွေရဲ့ ခြေစွမ်းတွေကို လိုက်လံ အကဲခတ်နေပါတယ်။

တဖက်မှာတော့ အသက် ၁၉နှစ် အရွယ် ပူပူနွေးနွေး ဆီနီဂေါ လက်ရွေးစင် ဗဟိုနောက်ခံလူ ဖာရီက ၂၀၂၃ခုနှစ်မှာ ခရိုအေးရှားကလပ် ကူစတိုစီဂျာ ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဘာစီလိုနာဆီ ရောက်ရှိပြီးနောက် အသင်းကြီး အတွက် ဝင်ကစားခွင့် မရသေးပဲ လူငယ်အသင်းမှာသာ အချိန်ကုန်နေရသူပါ။ ဖာရီက အာဖရိကန် ဗဟိုခံစစ်မှူး ဖြစ်တာကြောင့် အရပ်အမောင်း မြင့်မားကာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းတဲ့ ဗဟိုခံစစ်မှူး ဖြစ်ပြီး သူက ဘာစီလိုနာ လူငယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးထားပါတယ်။

Photo Credit: FC Barcelona

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာ အရန်အသင်းမှာပဲ ကစားခွင့် ရနေတဲ့ ဖာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ ကင်းထောက်တွေဟာ ဖာရီရဲ့ ခြေစွမ်းတွေကို စောင့်ကြည့် အကဲခတ်နေကာ လာမယ့် နွေဈေးကွက်မှာ ဖာရီအတွက် တရားဝင် ကမ်းလှမ်းမှု လုပ်လာနိုင်ကြောင်း သိရှိရပါတယ်။

ဖာရီက အရည်အသွေးမြင့် လူငယ် ဗဟိုခံစစ်မှူး ဖြစ်ပေမယ့် ဘာစီလိုနာမှာ အာရူဟို ၊ ခွန်ဒေ ၊ အင်နီဂို မာတီနက်ဇ် ၊ ခရစ်တန်ဆန် ၊ ကူဘာဆီ စတဲ့ ဗဟိုခံစစ်မှူးတွေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ အမှန်တကယ် ကမ်းလှမ်းလာမယ် ဆိုရင် ဖာရီဟာ ဘာစီလိုနာ ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။