ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်ခံစစ်မှူး ဘရီမာကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်ပိုင်းမှာ ဗာရန်း ၊ မက်ဂွိုင်းယား ၊ မာတီနက်ဇ် ၊ လင်ဒီလော့ဖ် ၊ အီဗန်စ် ၊ ကမ်ဘွာလာ စတဲ့ ဗဟိုခံစစ်မှူး ၆ဦး ပိုင်ဆိုင်ထားပေမယ့် ဗာရန်းနဲ့ အီဗန်စ်တို့က ယခုနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အနာဂတ်တွေကလည်း မရေရာပါဘူး။

Photo Credit: Euro Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ဗဟိုခံစစ်မှူး ၁ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဘရီမာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၇နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဘရီမာက ၂၀၂၂ခုနှစ်မှာ တိုရီနို ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၇သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဂျူဗင်တပ်ဆီ ရောက်ရှိကတည်းက အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်ခံစစ်မှူး ဘရီမာကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘရီမာရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၁သန်း ဖြစ်ကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘရီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂျူဗင်တပ်ကလည်း ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူချင်နေတာကြောင့် ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့ ကြားထဲမှာ ဘရီမာနဲ့ ဂရင်းဝုဒ်တို့ကို အလဲအထပ် လုပ်နိုင်ကြောင်းလည်း နှစ်သင်းစလုံးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။