ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ဘရူနို ဖာနန်ဒက် ၊ တော်မီနေး ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ်နဲ့ ဆာဘစ်ဇာ (အငှား) စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့က လာမယ့် နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေသလို ဆာဘစ်ဇာရဲ့ အနာဂတ်ကလည်း မရေရာသေးပါဘူး။

Photo Credit: Goal

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူတွေ အနက် ကွင်းလယ်တိုက်စစ် နေရာမှာ ကစားနိုင်စွမ်းရှိသူဟာ ဘရူနို ဖာနန်ဒက် တဦးထဲသာ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေရာသီမှာ ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်က လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သူ ဖြစ်ပြီး လက်စတာ စီးတီးက ဒီရာသီမှာ တန်းဆင်းရဖို့ နီးစပ်နေပေမယ့် မက်ဒီဆန်ကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

မက်ဒီဆန်ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ မက်ဒီဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မက်ဒီဆန်ကို ခေါ်ယူဖို့ ကြိုးစားဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ မက်ဒီဆန်ကို ခေါ်ယူရန် ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Telegraphရဲ့ သတင်းထောက် တဦး ဖြစ်သူ ဂျွန် ပါစီရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က မက်ဒီဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လက်စတာသာ တန်းဆင်းသွားရင် မက်ဒီဆန်ကို လျှော့ဈေးနဲ့ ရမယ်လို့ ယုံကြည်နေကြကာ မန်ချက်စတာ ယူနိုက်တက်က မက်ဒီဆန်ကို ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယူဆထားကြောင်း သိရပါတယ်။