ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲမှာ စီးရီးအေကလပ် တိုရီနိုရဲ့ အဓိက ဗဟိုနောက်ခံလူ အလက်ဇန်ဒရိုကိုပါ ထည့်သွင်းလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Transfersက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်ကြောင်းမှာ မက်ဂွိုင်းယား ၊ မာတီနက်ဇ် ၊ ဗာရန်း ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် ဗာရန်း ၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ အနာဂတ်တွေက မရေရာတာကြောင့် ယခု နွေဈေးကွက် (သို့) လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Goal

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က နိုက်စ်ခံစစ်မှူး တိုဒီဘို ၊ စပို့တင်း လစ္စဘွန်းခံစစ်မှူး အင်နာစီယို စတဲ့ ခံစစ်မှူးတွေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ထားပြီး နိုက်စ်နဲ့ စပို့တင်း လစ္စဘွန်း နှစ်သင်းစလုံးကတော့ သူတို့ရဲ့ အဓိက နောက်ခံလူတွေကို လာမယ့် နွေဈေးကွက် ရောက်မှသာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Transfersရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကစားရေးရာကို တာဝန်ယူထားတဲ့ INEOSရဲ့ အကြီးအကဲတွေက တိုရီနိုမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အလက်ဇန်ဒရိုကို ယူနိုက်တက်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အလက်ဇန်ဒရိုရဲ့ တန်ကြေးဟာ ယူရို ၃၀သန်း ဝန်းကျင် ရှိကြောင်း သိရပါတယ်။

Photo Credit: Standard

အသက် ၂၄နှစ် အရွယ် အီတလီခံစစ်မှူး အလက်ဇန်ဒရိုက မကြာသေးမီကမှ အီတလီအသင်း အတွက် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး သူက တိုရီနိုအတွက် ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

အလက်ဇန်ဒရိုက ဗဟိုခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်သလို လိုအပ်ရင် ဘယ်နောက်ခံလူ အဖြစ်ပါ ထွက်ကစားနိုင်ပြီး အရပ်အမြင့် ၆ပေ ၂လက်မ ရှိတာကြောင့် အမြင့်ဘော ရှင်းထုတ်ရာမှာ ထူးချွန်ကာ မန်ချက်စတာ ယူနိုက်တက် အပြင် အီတလီ နာမည်ကြီးကလပ်တွေကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။