Caught Offside သတင်းမီဒီယာရဲ့ ဖော်ပြချက်များအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့အတွက် နည်းပြ အန်တိုနီယို ကွန်တီ နည်းပြ ဂျူလီယန် လိုပက်တယ်ဂီတို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက်နည်းပြဘဝ (၂)နှစ်ပြည့်ခါနီးမှာပဲ အနာဂတ် အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ရပြီး လတ်တလော ရလဒ်တွေ ပြန်လည် ကောင်းမွန်နေသည့်တိုင် အသင်းရဲ့ ရှယ်ယာရှင်သစ်တွေဖြစ်တဲ့ INEOS တို့ဘက်က လာမယ့်နွေမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ချင်နေပါတယ်။
Photo Credit : The Mirror
ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာတဲ့ တန်ဟက်ဂ်က သူရဲ့ ပွဲဦးထွက်ရာသီမှာ လိဂ်ဖလားကို ရယူစေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မျှော်လင့်စရာ ဆုဖလားဆိုလို့ အက်ဖ်အေဖလားသာ ရှိနေတော့ပြီး Top 4 ဝင်ခွင့်အတွက်ကလည်း ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။
ဒီလို အခြေအနေတွေကို ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ယူနိုက်တက်ရဲ့ အားကစားပိုင်းဆိုင်ရာတွေကို တာဝန်ရှိမယ့် INEOS က တာဝန်ရှိသူတွေက လာမယ့်နွေရာသီမှာပဲ အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ စီစဉ်လာပါတော့တယ်။
Photo Credit : Goal
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ တန်ဟက်ဂ်နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီး နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း ကွန်တီအပြင် ဝုလ်ဗ်အသင်း နည်းပြဟောင်း လိုပက်တယ်ဂီတို့ကို ဆက်သွယ်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။
ဒီနည်းပြနှစ်ဦးလုံးက ပရီးမီးယားလိဂ်မှာ အတွေ့အကြုံတွေ ရှိခဲ့သလို ကွန်တီဆိုရင် အီတလီ စီးရီးအေ နဲ့ လိုပက်တယ်ဂီဆိုရင် စပိန် လာလီဂါတို့မှာပါ အတွေ့အကြုံကောင်းတွေ အမြောက်အများ ရှိနေကြပါတယ်။ ဒါပေမယ့် အီတလီလူမျိုး နည်းပြကွန်တီက အေစီမီလန်အသင်းကို နည်းပြဖို့ သတင်းတွေ အတော်လေး ထွက်ပေါ်နေတာကြောင့် ကွန်တီ နဲ့ လိုပက်တယ်ဂီတို့ နှစ်ဦးမှာ လက်ရှိအခြေအနေတွေအရ လိုပက်တယ်ဂီသာ ဖြစ်နိုင်ခြေ များနေရပါတယ်။