ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပူပူနွေးနွေး စီးရီးအေ ချန်ပီယံ နာပိုလီရဲ့ အဓိက ဗဟိုခံစစ်မှူး ကင်မင်ဂျေးကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗဟိုခံစစ်နေရာမှာ ဗာရန်း ၊ မာတီနက်ဇ် ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက အသင်းပြောင်းဖို့ ရာခိုင်နှုန်း များပြားနေတာကြောင့် မက်ဂွိုင်းယားရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Football 365

အသက် ၂၆နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ဗဟိုခံစစ်မှူး ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဖီနာဘာချီ ကနေ နာပိုလီထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ကင်မင်ဂျေးဟာ အချိန်တိုအတွင်းမှာ နာပိုလီရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို နာပိုလီကိုလည်း စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ကင်မင်ဂျေးရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ အသင်းကြီး အများစုက ကင်မင်ဂျေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဆိုပါအသင်းတွေ အနက် မန်ချက်စတာ ယူနိုက်တက်ဟာ ကင်မင်ဂျေးကို ခေါ်ယူဖို့ အတက်ကြွဆုံးနဲ့ စိတ်အဝင်စားဆုံး အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကင်မင်ဂျေး အတွက် စုံစမ်းမှုတွေ တောက်လျှောက် ပြုလုပ်ထားသလို ကင်မင်ဂျေးကလည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ကင်မင်ဂျေးကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေကြောင်း သိရပါတယ်။

တဖက်မှာတော့ နာပိုလီက သူတို့အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ကင်မင်ဂျေးကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် ကင်မင်ဂျေးက နာပိုလီနဲ့ စာချုပ်သစ် ချုပ်ဖို့ထက် ပရီးမီးယားလိဂ် အသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့သာ ပိုမို စိတ်ဝင်စားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကင်မင်ဂျေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ရင် ကင်မင်ဂျေးကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၈သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။