မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ကစားသမားသစ် ဂိုးသမား ဆန်နီ လမ်းမန်းစ်ကို တရားဝင်မိတ်ဆက်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ပထမဆုံးဓာတ်ပုံတွေကြောင့် ပရိသတ်တွေကြားမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ရွိုင်ရယ် အန့်ဝပ်အသင်းကနေ ပေါင် (၁၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားဟာ ယူနိုက်တက်နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မိတ်ဆက်ပွဲဓာတ်ပုံတွေ ထွက်ပေါ်လာချိန်မှာတော့ ပရိသတ်တွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့အေးဂျင့်ဟာ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်နဲ့ တစ်ပုံစံတည်းနီးပါး တူညီနေလို့ပါပဲ။

Photo Credit : The Sun

ဒီဓာတ်ပုံကို မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဟာသနှောပြီး သူတို့ရဲ့စိုးရိမ်မှုတွေကို အခုလို ရေးသားခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “သူ့အေးဂျင့်က အဲရစ် တန်ဟက်ဂ်နဲ့ တူလိုက်တာ။ ဘုရားဘုရား၊ အဲ့လူကြီးတော့ ပြန်မလာပါစေနဲ့😂😂😂😂😂” လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးကလည်း “ကျွန်တော့်မှာ ရင်ဘတ်ထဲ ဒိန်းခနဲပဲ” လို့ မှတ်ချက်ပေးခဲ့ပြီး အခြားတစ်ဦးကတော့ “ခဏလေးတော့ အဲ့ဒါ တန်ဟက်ပဲလို့ ထင်သွားတယ်!” လို့ ရေးသားခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : The Sun

သူဟာ ဒီသီတင်းပတ်အစောပိုင်းကပဲ ဂျာမန်ကလပ် လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ သုံးပွဲသာ ကိုင်တွယ်ပြီးနောက် နည်းပြရာထူးကနေ ထပ်မံ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဘောလုံးလောကရဲ့ အဓိက သတင်းတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။

လေဗာကူဆင်က ထုတ်ပယ်ခဲ့ပြီးနောက် တန်ဟက်ဂ်က “လိဂ်ပွဲစဉ် နှစ်ပွဲအပြီးမှာ နည်းပြတစ်ယောက်နဲ့ လမ်းခွဲတယ်ဆိုတာ သမိုင်းတစ်ခါမှမဖြစ်ဖူးတဲ့ ကိစ္စပါပဲ။ အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်လိုအပ်တဲ့ အချိန်နဲ့ ယုံကြည်မှုကို ပေးဖို့ဆန္ဒမရှိခဲ့ပါဘူး” လို့ ဒေါသတကြီး ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်ခဲ့ပါသေးတယ်။