မနေ့က Super Sunday မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ် ဟော့စပါးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်နေတုန်း ချယ်လ်ဆီးအသင်းရဲ့ တရားဝင် တွစ်တာ စာမျက်နှာပေါ်က ပို့စ်တစ်ခုနဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိသတ်တွေ ဒေါသပုန်ထသွားခဲ့ရပါတယ်။
အဲ့ဒီပို့စ်မှာ ဒီရာသီမှ ယူနိုက်တက်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ကိုး ပါလ်မာတို့ နှစ်ဦး ရယ်မောနေတဲ့ ပုံကိုမှ 😁💙 အီမိုဂျီလေးနဲ့အတူ ပို့စ်တစ်ခု တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Chelsea FC X
ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ အဆင်မပြေ ဖြစ်ခဲ့ရတဲ့ ဆန်ချိုဟာ ချယ်လ်ဆီးအသင်းဆီကို အငှား + ပေါင်(၂၅)သန်းတန် အပြီးသတ် ဝယ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့ခဲ့ရပြီး အခု ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်မှာတော့ ဂိုးဖန်တီးမှု (၃)ကြိမ်ပါ လုပ်ဆောင်ထားခဲ့ပါတယ်။
ယူနိုက်တက်မှာ ပွဲကစားခွင့်ရဖို့တောင် ရုန်းကန်နေရတဲ့ ဆန်ချိုဟာ အခု ချယ်လ်ဆီးကို ရောက်ခါစမှာပဲ ပွဲတိုင်းနီးပါး ခြေစွမ်းပြသထားနိုင်ခဲ့ပြီး ဆန်ချိုလို ကစားသမားမျိုးကို အခုလို ဈေးပေါပေါနဲ့ လက်လွတ်ပေးလိုက်တဲ့အတွက် ချယ်လ်ဆီးပရိသတ်တွေကပါ ယူနိုက်တက်အသင်းကို ကျေးဇူးတွေ တင်နေကြလျက် ရှိပါတယ်။
Photo Credit : Daily Mail
မနေ့ညကတော့ ယူနိုက်တက်က စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ့်နေချိန်မှာ ချယ်လ်ဆီးဘက်ကနေ ဆန်ချိုပုံနဲ့ ပို့စ်တစ်ခု တင်လာခဲ့တာကြောင့် ဒါကို ယူနိုက်တက် ပရိသတ်တွေက ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ “အသင်းငယ်လေး တစ်သင်းရဲ့ စိတ်နေစိတ်ထားမျိုးနဲ့ မင်းတို့အသင်းထက် ဆယ်ဆလောက် ကြီးမားတဲ့ အသင်းကို လှောင်ပြောင်နေတာ ရှက်စရာကောင်းတယ်။”
“ဒီပို့စ်ကို ဘာကြောင့်တင်ရတာလဲ။ မန်ချက်စတာ ယူနိုက်တက်အသင်းကို လှောင်ပြောင်ချင်တာလား။ အသင်းငယ်လေးရဲ့ စိတ်ဓါတ်ပဲ။” “ဒီလိုတွေ လုပ်ဖြစ်ဖို့က လိုအပ်လို့လား။” “အခု ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်အသင်းကို နောက်ပြောင်နိုင်ပြီလို့ ထင်နေကြပြီ။ တန်ဟက်ဂ်ကို အခုပဲ ထုတ်လိုက်ပါတော့။” လို့ ပြောဆိုရေးသားထားကြပါတယ်။