အိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာအသင်းကို ဧည့်ခံ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့အဆင့် ဒုကျော့ပွဲစဉ်မှာ အိမ်ရှင် မန်ယူနိုက်တက်အသင်းက အရှုံးရလဒ်ကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး ဒုတိယပိုင်းအတွင်း ဆမ်ဘာ ကစားသမားတွေရဲ့ သွင်းဂိုးများနဲ့ နိုင်ပွဲ ပိုင်ဆိုင်ခဲ့ကာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာက အိမ်ရှင် ယူနိုက်တက်ဟာ ဧရိယာထဲ ဖာနန်ဒက်စ်ရဲ့ soft foul ကနေ ပင်နယ်တီ ခွင့်ပြုလိုက်ရရင်းနဲ့ လီဝန်ဒေါစကီးက အမှားအယွင်းမရှိ သွင်းယူပြီးနောက် ပွဲကို ဘာစီလိုနာက ဦးဆောင်သွားချိန်မှာ ပွဲကို စိတ်တိုင်းကျ ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာက ကစားပုံကောင်းခဲ့ပြီး အိမ်ရှင်အသင်းက ရုန်းကန်မှုတွေ ရှိခဲ့ရသလို ဒဟေးယားရဲ့ ပေါ့လျော့မှုကနေလည်း ထပ်မံ ဂိုးပေးရလုနီးပါး ဖြစ်သွားရချိန် ကက်စီမဲရိုးက ရအောင် blocked ခဲ့ရပါတယ်။

Image

Photo Credit : Twitter

ဒုတိယပိုင်း ပွဲမစခင်မှာတော့ ယူနိုက်တက်က ဗက်ဟို့စ်နေရာ အန်တိုနီ ထည့်လာတယ်။ (၂)မိနစ်ပဲကြာတယ်။ ဖရက်က ချေပဂိုး သွင်းယူတယ်။ နောက် ဆန်ချိုနေရာ ဂနာချိုဝင်လာတယ်။ (၆)မိနစ်အကြာမှာ အန်တိုနီ ဂိုးသွင်းတယ်။ ဒါက တန်ဟက်ဂ်ရဲ့ နည်းစနစ် အပြောင်းအလဲ အလွန်ကောင်းမွန်မှုကြောင့်ဖြစ်ပြီး လူစားလဲမှန်ကန်တာရော ဗျူဟာ ပြောင်းလဲပုံ မှန်ကန်တာကရော အလုပ်ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင် တန်ဟက်ဂ် လူစားလဲမှုတွေ ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့သလဲဆိုရင် ဒီတစ်ရာသီလုံးမှာ လူစားလဲ ပြုလုပ်ခဲ့ပြီးနောက် ရရှိလာတဲ့ ဂိုးတွေက သက်သေဖြစ်နေရပြီး (၁၉)ဂိုးအထိကို ရရှိထားခဲ့ပါတယ်။

Photo Credit : Twitter

အခုဆိုရင်တော့ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ပွဲစုံ (၁၈)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိထားတာကို ရပ်တန့်ပစ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ လာမဲ့ Sunday မှာလည်း နယူးကာဆယ်အသင်းနဲ့ လိဂ်ဖလား ဖိုင်နယ်ပွဲကိုပါ ဆက်လက် ဆင်နွဲသွားရဦးမှာဖြစ်လို့ ဒီပွဲမှာလည်း ဒီရာသီရဲ့ ပထမဆုံးသော ဆုဖလားကို ပိုင်ဆိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။