မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူး တစ်ဦးကို ထပ်မံ ခေါ်ယူဖြည့်တင်းသွားဖို့ ရှိနေရာ လက်ရှိမှာတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို စိတ်ဝင်အစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှာ အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကို ခေါ်ယူထားခဲ့ပြီး ဟွိုင်လန်းကလည်း အသင်းအတွက် ကြိုးစား ကစားပေးသလို ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ကြံခိုင်မှု ပြသာနာတွေ ရင်ဆိုင်ရပြီး ပွဲတချို့မှာဆိုရင်လည်း ပျောက်ဆုံးနေခဲ့ရပါတယ်။

Photo Credit : The Sun

ဒါကြောင့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လာမယ့်နွေမှာပါ ဂိုးသွင်းအားကောင်းတဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူချင်လာခဲ့ပြီး အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဖြစ်တဲ့ အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ပါ မျက်စိကျလာခဲ့ပါတယ်။

တိုနေးက လောင်းကစားမှုတွေကြောင့် (၈)လအထိ ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရပေမယ့်လည်း အခုလို ပွဲပယ်မခံရခင်မှာရော ပွဲပယ်ပြစ်ဒဏ် ပြည့်မြောက်သွားချိန်မှာပါ သူရဲ့ အရည်အသွေးကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ proven striker ကောင်းတစ်ဦး ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဒါကြောင့်လည်း သူ့ကို အာဆင်နယ် ချယ်လ်ဆီး စပါးနဲ့ မန်ယူနိုက်တက်တို့က စိတ်ဝင်စားလာခဲ့ပြီး အခုဆိုရင် တိုနေးဟာ ဘရန့်ဖို့ဒ်နဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာကြောင့် ဒီနွေမှာ cut-price တန်ကြေးနဲ့ပဲ အသင်းက ထွက်ခွာရနိုင်ပါတယ်။ နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ တိုနေးရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ကနေ သန်း(၅၀)ဝန်းကျင်လောက်သာ ရှိနိုင်တယ်လို့ ဖော်ပြလာပါတယ်။

ယူနိုက်တက်ကလည်း လာမယ့်နွေမှာ တိုက်စစ်ပိုင်းအပြင် ကွင်းလယ်နဲ့ ခံစစ်ပိုင်းအတွက်ကိုပါ အားဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် တိုက်စစ်ပိုင်းအတွက် ပေါင် သန်း(၅၀)လောက်သာ အသုံးပြုလာနိုင်တဲ့အတွက် တိုနေးကိုလည်း cut-price တန်ကြေးနဲ့ပဲ ကမ်းလှမ်းလာနိုင်ပါတယ်။