ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ လေဗာကူဆင်ရဲ့ ညာနောက်ခံလူ ဖရင်းပေါင်ကို ခေါ်ယူဖို့ အတွက် ယခုကတည်းက ဖရင်းပေါင်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာမှာ ဒါးလော့နဲ့ ဘစ္စကာတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ဒါးလော့ဟာ ခံစစ်ကစားရာမှာ အားနည်းချက်တွေ ရှိနေသလို ဘစ္စကာကလည်း တိုက်စစ်ကို အထောက်အကူ ပြုနိုင်စွမ်း နည်းပါးတာကြောင့် ညာနောက်ခံလူသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန်လက်ရွေးစင် ညာနောက်ခံလူ ဖရင်းပေါင်က တိုက်စစ်အားသန် ခံစစ်မှူး တဦး ဖြစ်သလို ခံစစ်ကစားပုံလည်း ကောင်းမွန်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပြင် ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာ စတဲ့ ဥရောပ ထိပ်သီးအသင်းတွေကပါ ဖရင်းပေါင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ဖရင်းပေါင်ကို ခေါ်ယူနိုင်ဖို့ ယခုထဲက ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဖရင်းပေါင်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ကာ ဆွေးနွေးမှုတွေဟာ အတော်လေးကို အဆင်ပြေခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အထိ သုံးစွဲရဖွယ် ရှိနေကာ မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင်ကို ခေါ်ယူပြီးရင် ဘစ္စကာကို ယူရို ၃၅သန်း ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။