ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့သူ ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်အား မခေါ်ယူနိုင်ဖို့ သေချာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ကတ်စ်မဲရိုးအား ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာနဲ့ မာတစ်တို့ကို ဆုံးရှုံးထားရတာကြောင့် နွေဈေးကွက် မပိတ်သိမ်းမီမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးနဲ့ ဗဟိုကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

Photo Credit: Express

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်က နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အား ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို ဒီဂျောင်အား ခေါ်ယူရန် ဘာစီလိုနာနဲ့လည်း သဘောတူညီမှု ရခဲ့ပေမယ့် ဒီဂျောင်ဘက်က ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မရေရာတဲ့ ကတ်စ်မဲရိုးကို ခေါ်ယူဖို့ ကြိုးပမ်းလာပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယနေ့ညပိုင်းမှာပဲ မက်ဒရစ်မြို့ဆီ ရောက်ရှိလာကာ ကတ်စ်မဲရိုးရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဖော်ပြသွားပါတယ်။

Photo Credit: Express

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သလို အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် ချူအိုမီနီနဲ့ ကာမာဗင်ဂါတို့ကြောင့် သူ့ရဲ့ ပုံမှန် ပွဲထွက်ခွင့် ထိခိုက်လာမှာကို စိုးရိမ်နေသူ ဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ စိတ်ကူးအိမ်မက် ရှိသူ ဖြစ်ကြောင်းလည်း ဝန်ခံထားသူပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ကတ်စ်မဲရိုးကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်ကလည်း ချူအိုမီနီ ၊ ကာမာဗင်ဂါနဲ့ ဗယ်ဗာဒီတို့ ရှိနေတာကြောင့် ကတ်စ်မဲရိုး အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။